spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ


နေပြည်တော် ဇန်နဝါရီ (၁၄)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် မန္တလာသီရိအားကစားကွင်း Multipurpose Stadium ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဋ္ဌေး ၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဦးမြတ်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်မှ ပြိုင်ပွဲအား အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်အတွက်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ဝူရှူးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်အတွက် ဆုတံဆိပ် များကို ရယူပေးခဲ့သည့်အတွက် အောင်မြင်မှုအရှိဆုံး အားကစားနည်းတစ်ခုအပါ အဝင်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ယခုရရှိထားသည့်အဆင့်ထက် ပိုမိုမြင့်မားတိုးတက်အောင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အားကစားသမားများ ပိုမိုကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားကာ ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၃)သင်း ဖြင့်၊ (၁၄.၁.၂၀၂၀)ရက်နေ့မှ (၁၆.၁.၂၀၂၀)အထိ ပြိုင်ပွဲဝင်အားကစားသမား (၁၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95