spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင် ခါးစည်းအနက်အဆင့်ဝတ်စုံနှင့် ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင် ခါးစည်းအနက်အဆင့်ဝတ်စုံနှင့် ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်  ၁၉   ဇန်နဝါရီ 

တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင် ခါးစည်းအနက်အဆင့်ဝတ်စုံနှင့် ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာက တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင်ခါးစည်းအနက်အဆင့် ဝတ်စုံနှင့် ဂုဏ်ထူးဆောင်လက်မှတ်တို့ကို ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးက ဂုဏ်ထူးဆောင် ခါးစည်းအနက်အဆင့် ပေးအပ်ရခြင်းနှင့် Korea Foundation for International Healthcare (KOFIH) အဖွဲ့မှ ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် မှစတင်၍ “ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်း” စီမံချက်လုပ်ငန်းများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်  အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား ကိုယ်လက်လှုပ်ရှားအားကစား ပိုမိုလေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားလေ့ကျင့်ခြင်းဖြင့် သွေးတွင်းအဆီဓာတ်နှင့် သကြားဓာတ်ကို ကျဆင်းစေနိုင်သဖြင့် သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ အပါအဝင် မကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားလေ့ကျင့်ခြင်းဖြင့် ကြွက်သား၊ အဆုတ်၊ နှလုံးနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်း၊ စိတ်အာရုံစူးစိုက်နိုင်ခြင်း၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာဟန်ချက်ညီ လုပ်ဆောင်မှုများကောင်းမွန်စေခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များ တိုက်ကွမ်ဒိုအားကစားကို စိတ်ပါဝင်စားပြီး သင်ကြားလေ့ကျင်နိုင်ရန် ကျောင်းများတွင် တိုက်ကွမ်ဒိုအားကစား သရုပ်ပြသကစားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်းလုပ်ငန်းများသည် ဒေသခံပြည်သူများအတွက် အကျိုးရှိမည့်လုပ်ငန်းများဖြစ်သည့်အတွက် သဘောတူကြိုဆိုပါကြောင်း၊ မြန်မာ- ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် လုပ်ငန်းများကို ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%91%E1%80%BD%E1%80%B1%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA