spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကိုရီးယား-မြန်မာ မြားပစ် ပူးတွဲလေ့ကျင့်မှုအား ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နာယက ဒေါက်တာခင်ရွှေ ကြည်ရှုအားပေး

ကိုရီးယား-မြန်မာ မြားပစ် ပူးတွဲလေ့ကျင့်မှုအား ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နာယက ဒေါက်တာခင်ရွှေ ကြည်ရှုအားပေး

 

ရန်ကုန်၊ ဇန်နဝါရီလ (၂၇) ရက် ။          

ကိုရီးယားနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးတွဲလေ့ကျင့်မှုအား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa နှင့်  သံရုံမှတာဝန်ရှိပုဂ္ဂိုလ်များ အာရှမြားပစ်အဖွဲ့ချုပ် အဖွဲ့ဝင် ၊ အရှေ့တောင်အာရှ ဒုတိယဥက္ကဌနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နာယက ဒေါက်တာခင်ရွှေ ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟ၊ ဒုတိယဥက္ကဌများဖြစ်သည့် ဦးကျော်ဦးနှင့် ဦးတောက်ထွန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး  ဦးအောင်မိုးနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်များ ကြည်ရှု အားပေးကြသည်။

ရှေးဦးစွာ ကိုရီးယားနိုင်ငံသံအမတ်ကြီးအား ကိုရီးယားမြားပစ်အသင်းမှ အသင်းအုပ်ချုပ်သူ နည်းပြများက ကိုရီးယားမြားပစ်အသင်းအား တစ်ဦးချင်း မိတ်ဆက် ပေး၍လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှုချုပ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦးက မြန်မာမြားပစ် အသင်းအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။

ကိုရီးယားနိုင်ငံသံအမတ်ကြီးက အားပေးစကားပြောကြားရာတွင် ကိုရီးယားမြားပစ်အသင်းအနေဖြင့်  မြန်မာမြားပစ်အသင်းနှင့် လာရောက်ပူးတွဲလေ့ကျင့်တာကို ဝမ်းသာပါကြောင်း၊ တိုက်ကွမ်ဒိုနှင့် ဘောလုံးအားကစားနည်းများက အမြဲတမ်းပူးတွဲလေ့ကျင့်တာ တွေ့ရပါကြောင်း မြားပစ်အားကစားနည်း အနေဖြင့် ယခုအချိန် ပထမဦးဆုံးဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ဝန််ကြီးအနေဖြင့် ယခုလာရောက်လေ့ကျင့်သော မြားပစ်အဖွဲ့သည် မြန်မာမြားပစ် လက်ရွေးစင် အသင်းအတွက် အကူအညီအထောက်အပံ့များ ဖြစ်စေရုံမက ဒီထက် ပညာတွေသင်ယူစရာအများကြီး ရရှိစေဖို့ ပြည်ထောင်စုဝန်ကြီးအနေဖြင့် မျှော်လင့် ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဖြစ်စေချင်တဲ့ဆန္ဒအတိုင်း မိမိကလည်း မြန်မာ့လက်ရွေးစင်မြားပစ်အားကစားသမားများကို လိုချင်တဲ့ပန်းတိုင်ကို အရောက်သွား နိုင်ဖို့ ဆုတောင်းပေးပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နာယက ဒေါက်တာခင်ရွှေက ယခင်က မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ပူးတွဲလေ့ကျင့်ရန်စေလွှတ်ခဲ့ပြီး ယခုအခါ လာရောက်လေ့ကျင့်သောအဖွဲ့မှာ အာရှအဆင့် ကမ္ဘာ့အဆင့်၊ အိုလံပစ်အဆင့် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများဖြစ်ကြရာ ယခုလာရောက် လေ့ကျင့်သောအဖွဲ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်သည့်အတွက်ကြောင့် ယခုလေ့ကျင့်မှုတွင် နည်းပညာများ အများကြီးရရှိကာ  အဓိကလေ့ကျင့်ရမှာက သူတို့ရဲ့စိတ်တည်ငြိမ်မှု၊ နေထိုင်စားသောက်မှုနှင့် စည်းကမ်းတကျ လေ့ကျင့်တာတွေ မှတ်သား လေ့လာရမှာဖြစ်ပါကြောင်း၊ ယခုလာမည့်တိုကျိုအိုလံပစ်ပြိုင်ပွဲကို မြန်မာမြားပစ်အားကစားသမားစေလွှတ်မှာ ဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဆုတံဆိပ်ရရှိရန် အနီးစပ်ဆုံးက မြားပစ်အားကစားနည်း တစ်ခုသာဖြစ်ပါကြောင်း၊ ယခုလိုလာကျင့်တာဟာ မိမိတို့အနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပါ၍ မြန်မာနိုင်ငံအတွက် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်သွားနိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် (၂)နှစ်တစ်ခါ အရှေ့တောင် အာရှတံခွန်စိုက်မြားပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်နှစ်စဉ်ကျင်းပပြုလုပ်ပေးပါ၍ ယခုအခါလည်း အာရှမြားပစ်ပြိုင်ပွဲနှင့် ကမ္ဘာ့မြားပစ်ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နာယက ဒေါက်တာခင်ရွှေက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa နှင့်  ကိုရီးယားမြားပစ်အသင်းအုပ်ချုပ်သူများအား အမှတ်တရလက်​ဆောင်များပေးအပ်ခဲ့သည်။ 

အဆိုပါ ကိုရီးယား မြားပစ်လက်ရွေးစင်အသင်းမှ အသင်းအုပ်ချုပ်သူ နည်းပြ(၈)ဦး၊ အမျိုးသားအားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၈)ဦး စုစုပေါင်း(၂၄)ဦးနှင့် မြန်မာမြားပစ် လက်ရွေးစင်အသင်းမှ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၂၅)ဦးတို့သည် ဇန်နဝါရီ(၁၇)ရက်နေ့မှ (၃၀) ရက်နေ့အထိ (၂)ပတ်ကြာ ပူးတွဲလေ့ကျင့်သွားမည်ဖြစ်ပြီး ဇန်နဝါရီ(၃၀)ရက်ညနေတွင် ရန်ကုန်မြို့ရှိ ကရဝိတ်နန်းတော်တွင် ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa ၊  ကိုရီးယားမြားပစ်အသင်းအုပ်ချုပ်သူများ၊ လက်ရွေးစင်အားကစားသမားများနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုညစာစားပွဲနှင့် တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%AD%E1%80%AF%E1%80%9B%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA-%E1%80%95%E1%80%B0%E1%80%B8%E1%80%90%E1%80%BD%E1%80%B2%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF%E1%80%9B%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%9E%E1%80%B6%E1%80%A1%E1%80%99%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-he-mr-lee-sang-hwa