နေပြည်တော်၊ ဖေဖော်ဝါရီလ(၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
ယနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ညနေ(၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်း ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ(၁)ဂိုး ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ချင်းပြည်နယ်အသင်းမှ(၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။
(၇.၂.၂၀၂၀)ရက်နေ့ ညနေ(၃)နာရီအချိန်တွင်ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား လေ့ကျင့်ရေး ကွင်း(၁)တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်မကွေးတိုင်းဒေသကြီးအသင်းတို့ သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရ ရှိသည်။