spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဆုရရှိကြသည့် မြန်မာ့အားကစားသမားများအား Mytel မှ ဂုဏ်ပြုချီးမြှင့်

၂၀၁၉ခုနှစ် အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဆုရရှိကြသည့် မြန်မာ့အားကစားသမားများအား Mytel မှ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂၃)ရက်။    

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဆုရရှိကြသည့် မြန်မာ့အားကစားသမားများအား Mytel မှ  ဂုဏ်ပြ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည် (၁)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်  အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့်အတွင်းရေးမှူးများ၊ အမှုဆောင်များ၊  Mytel မှ ဥက္ကဌ ဦးခင်မောင်စိုးနှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ ဆုရအားကစားသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ Mytel မှ ဥက္ကဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် က အမှာစကားပြောကြားရာတွင်  ၂၀၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင်  နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း(၃၁)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁၈)ခုနှင့် ကြေးတံဆိပ်(၅၁)ဆု စုစုပေါင်း ဆုတံဆိပ်(၇၃)ခုဖြင့် ပြိုင်ပွဲဝင်(၁၁)နိုင်ငံတွင် အဆင့်(၇)ရရှိခဲ့ပါကြောင်း၊  ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း များတွင် ဘိလိယက်နှင့်စနူကာအားကစားနည်း  မှ ရွှေတံဆိပ်(၂)ခု၊ အားနစ် အားကစားနည်းမှ ရွှေတံဆိပ်(၁)ခုနှင့် ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခု  စုစုပေါင်းရွှေတံဆိပ်(၄)ခုရရှိခဲ့ပြီး  ငွေတံဆိပ်(၁၈)ခုရရှိခဲ့သည့် အားကစားနည်းများမှာလည်း  ရွှေတံဆိပ် မျှော်မှန်းနိုင်တဲ့ အားကစားနည်းများဖြစ်ပြီး အထူးသဖြင့် မြားပစ်၊လှေလှော်၊ ဝူရှူး စသည့်အားကစားနည်းများဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှာ နိုင်ငံအလိုက်အဆင့်တစ်ခုကို ရယူပေးနိုင်တဲ့ မြန်မာအားကစားသမားများရဲ့ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓါတ်တို့ကို မှတ်တမ်းတင်ဂုဏ်ပြုကြမှာဖြစ်ပါကြောင်း၊ အားကစားအောင်မြင်ဖို့ဆိုလျင် နိုင်ငံတော်နှင့် ပြည်သူတို့အပါအဝင် လုပ်ငန်းရှင်များ ယခုကဲ့သို့ စေတနာရှင်အလှူရှင်များ၊ အားကစားအဖွဲ့ချုပ် ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊  ပြည်သူလူထုတစ်ရပ်လုံက ပံ့ပိုးအားပေးချီး မြောက်ဖို့လိုအပ်ပြီး အားကစားသမားများအနေနဲ့လည်း အားပေးချီးမြောက်မှုများအပေါ် တုံပြန်သည့် အနေနဲ့ နောင်လာမည့်နိုင်ငံတကာပြိုင်ပွဲများမှာ ယခုထက်ပိုမိုအောင်မြင်မှုရရှိနိုင်ရေး အတွက် အလေးအနက်ထားပြီး ဆက်လက်ကြိုးပမ်းယှဉ်ပြိုင်သွားကြဖို့ လိုအပ်ကြောင်းတိုက်တွန်းမှာကြားလိုပါကြောင်း၊ ယခုဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည့် Mytel ကုမ္ပဏီကိုလည်း အထူးပင် ကျေးဇူးတင်မှတ်တမ်းဂုဏ်ပြုပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ Mytel မှ Chief  External Relations officer ဦးဇော်မင်းဦး၊ Chief Financial officer ဦးသိန်းအောင်နှင့်  ဥက္ကဌ ဦးခင်မောင်စိုးတို့က ဆုရရှိခဲ့ကြသည့် အားကစားအဖွဲ့ချုပ်အသီးသီးမှ အားကစားသမားများအား ရွှေတံဆိပ်ဆု (၁)ခုလျှင် ငွေကျပ်(၅)သိန်း၊ ငွေတံဆိပ်ဆု (၁)ခုလျှင် ငွေကျပ်(၃)သိန်း၊  ကြေးတံဆိပ်ဆု  (၁)ခုလျှင် ငွေကျပ်(၁)သိန်းနှင့် တတိယဆုရ အမျိုးသားဘောလုံးအသင်းအား ငွေကျပ်သိန်း(၃၀၀)နှင့် တတိယဆုရ အမျိုးသမီးဘောလုံး အသင်းအား ငွေကျပ်သိန်း(၁၅၀) စုစုပေါင်း ငွေကျပ်(၅၇၃)သိန်းအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။  


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%81%83%E1%81%80%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%86%E1%80%AF%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%80%E1%80%BC%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA