spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ပြည့်နှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေးပေါင်းစပ် ညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ

၂၀၂၀ပြည့်နှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေးပေါင်းစပ် ညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂၄)ရက်။              

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားနည်း (၂၈)နည်းဖြင့် ဖွင့်လှစ်ရန်လျာထားပြီး၊ အခြေခံအားကစားသင်တန်းများကိုမတ်လ(၁၀)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိလည်းကောင်း၊ အဆင့်မြင့်သင်တန်းများကို ဧပြီလ(၂၀)ရက်နေ့မှ မေလ(၁၈) ရက်နေ့အထိလည်းကောင်း၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်ကပြောကြားရာတွင် ၂၀၂၀ပြည့်နှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို အခြေခံနှင့်အဆင့်မြင့်ဟူ၍ သင်ကြားပေးသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်စဉ်နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများစဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများကို ဆက်လက်လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊  မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် အမျိုးသားအားကစားတိုးတက်မြင့်မားလာစေရေး၊ နွေရာသီအားကစားသင်တန်းများ ဗီဇပါရမီရင့်သန်၍  အောင်မြင်မှုအလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးခြင်းဖြစ် ပါကြောင်း၊ ဦးစီးဌာနမှသက်ဆိုင်ရာ အားကစားကွင်း/ရုံများတွင် အားကစားနည်းအလိုက် သင်တန်းများလေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ခွင့်ပြုပေးထားပြီဖြစ်၍ အဖွဲ့ချုပ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် မျိုးဆက်သစ်အားကစားသမားများ အားကစားအလိုက်စားနိုင်ရေးအတွက် သင်တန်းကြေးများကို တက်နိုင်သလောက် လျောပေါ့ပေးရန်နှင့် ယခင်နှစ်ကထက် သင်တန်းသားများပိုမိုရရှိစေဖို့ စည်းရုံးဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်နိုင်ရေး၊ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ရေးအတွက် သင်တန်းသားများ တူညီဝတ်စုံရရှိစေရေး၊ ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်နိုင်ရေး၊ ရေကူ၊ ဘောလုံး၊ ကြက်တောင်နှင့်ဝူရှူး အားကစားနည်းများတွင် သင်တန်းသားဦးရေများပြားသောကြောင့် သင်တန်းကြေးများယခင်နှစ်များထက်လျော့ပေါ့စေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက ရန်ကုန်တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်များရှိ  အားကစားကွင်း/ရုံများတွင် အခြေခံအားကစားနည်း သင်တန်းများကို ယခင်နှစ်များထက် သင်တန်းသားဦးရေ ပိုမိုရရှိရေးအတွက် ပူးပေါင်းကာ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံ ဌာနခွဲမှတာဝန်ရှိသူများက သင်တန်းကာလအတွင်း အားကစားကွင်း/အားကစားရုံများကို အသုံးပြုလိုပါက အဖွဲ့ချုပ်များအနေဖြင့် ကြိုတင် အသိပေးမှသာ မိမိတို့ဘက်မှ လိုအပ်သည်များကို အချိန်မီ ဆောင်ရွက်ရမှာဖြစ်ကြောင်းပြောကြား၍လည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၊ မော်တော်ယာဉ်ဌာနစိတ်၊ ဆေးဘက်ဆိုင်ရာဌာနစိတ်တို့မှ တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ၊ အဖွဲ့ချုပ်တာဝန်ခံအမှုဆောင်များက သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီးနောက် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အခြေခံအားကစားသင်တန်းများကို ရန်ကုန်မြို့ ရှိ သက်ဆိုင်ရာ အားကစားကွင်း/ရုံများ၌ အဖွဲ့ချုပ်များ၊ မြို့နယ် အား/ကာဦးစီးဌာတို့ ပူးပေါင်းကာ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိုလင်း၊ လက်ဝှေ့၊ ခြင်းလုံး၊ ခရစ်ကက်၊ ဘောလုံး၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ လှေလှော်၊ ရေကူး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သိုင်း၊ ဘော်လီဘော၊ အလေးမ၊ အမျိုးသမီးအားကစား(အေရိုးဗစ်)၊ ဝူရှူး၊ ရွက်လှေ၊ မသန်စွမ်း၊ ကမ်ပို၊ ရိုးရာလက်ဝှေ့ စသည့် အားကစားနည်းများဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်သိရှိလိုပါက (၀၁-၄၀၀၄၃၁)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%95%E1%80%BA