ရန်ကုန်၊ မတ်လ(၁)ရက်။
၂၀၂၀ပြည့်နှစ် (၅၅)ကြိမ်မြောက်အမျိုးသားတံခွန်စိုက် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲတွင် အားချစ်(စစ်ကိုင်းတိုင်းဒေသကြီး)အသင်းက အနိုင်ရဗိုလ်စွဲသွားပြီး အမျိုးသား တံခွန်စိုက်ဒိုင်းရရှိသွားပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
(၁၀)ပေါက်တန်းဗိုလ်လုပြိုင်ပွဲတွင် အားချစ်(စစ်ကိုင်းဒေသကြီး)အသင်းက တောင်ဝင်း(ဌေးရတနာ)အသင်းကို ရမှတ် (၁၉၀၅) မှတ်(၁၉၀၃)မှတ်ဖြင့် အားချစ် (စစ်ကိုင်းတိုင်းဒေသကြီး)အသင်းက အနိုင်ရရှိပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နှစ်သိမ့် ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး(ရွှေင်္ဟသာ)အသင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန်းစတားအသင်းတို့အား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌများက နှစ်သိမ့်ဆုအဖြစ် ဆုငွေကျပ် (၁)သိန်းစီအားလည်းကောင်း၊ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ အားချစ်(စစ်ကိုင်းတိုင်း ဒေသကြီး)အသင်းမှ ကျောနံပါတ်(၁)ဇော်ထွန်းအောင်အား မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌဦးသက်လွင်မှ လည်းကောင်း၊ အမျိုးသား(၁၀)ပေါက်တန်း ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲတွင် (၂)ရက်ပေါင်း ရမှတ် (၁၄၄၉)မှတ်ဖြင့် တတိယဆု ရရှိသည့် မျိုးဆက်သစ် အသင်းမှ တစ်ဦးချင်းဆုများနှင့် ငွေသားဆု(၆)သိန်းအား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှ လည်းကောင်း၊ အမျိုးသား(၁၀)ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် (၂)ရက် ပေါင်းရမှတ် (၁၉၀၃)မှတ်ဖြင့် ဒုတိယဆုရရှိသည့် တော်ဝင်(ဌေးရတနာ)အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှလည်းကောင်း၊ အမျိုးသား(၁၀)ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် (၂)ရက်ပေါင်းရမှတ် (၁၉၀၅)မှတ်ဖြင့် ပထမဆု ရရှိသည့် အားချစ်(စစ်ကိုင်းတိုင်းဒေသကြီး) အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေကျပ်(၂၀)သိန်းနှင့် တံခွန်စိုက်ဆုတို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့် ၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။