နေပြည်တော်၊ မတ်လ(၃)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။
ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၃)ဂိုး (၁)ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်-
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု ကျောနံပါတ်(၁) ပန်းအိဖြူ(မွန်ပြည်နယ်)၊ အကောင်းဆုံး နောက်တန်း ကစားသမားဆု ကျောနံပါတ်(၄) သင်းသင်းဖြိုး (တနင်္သာရီ)၊ အကောင်းဆုံးအလယ်တန်းကစားသမားဆု ကျောနံပါတ် (၆) နန်းချိုမွှေး(ရှမ်းပြည်နယ်)၊ အကောင်းဆုံး ရှေ့တန်းကစားသမားဆု ကျောနံပါတ်(၁၀) သိင်္ဂီထွေး(ဧရာဝတီ)၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု ကျောနံပါတ်(၁၁) ကြယ်စင်(ရှမ်းပြည်နယ်) တို့အား ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးမြင့်ဦး၊ ဒေါက်တာခင်ဆောင်၊ ဒေါက်တာသန်းငွေ၊ ဒေါက်တာစိန်မြအေး၊ အမျိုးသားလွှတ်တော် ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် မန်းထွန်းကြိုင်တို့မှ ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသော မွန်ပြည်နယ်အသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်မှလည်း ကောင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာခင်ညိုမှလည်းကောင်း၊ ဆုဖလားနှင့် ငွေသားဆုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများသည် ပထမဆုရရှိသည့်ရှမ်းပြည်နယ်အသင်းမှ အားကစားသမား များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို (၁၉.၂.၂၀၂၀)ရက်နေ့မှ (၃.၃.၂၀၂၀)အထိ တိုင်းဒေကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၂၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်း ရရှိသည်။