spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းပြိုင်ပွဲ ရွှေတံဆိပ်တစ်ဆုလျှင်ကျပ်သိန်း၁၅၀နှုန်းဖြင့်အမြင့်ဆုံးချီးမြှင့်

ဆီးဂိမ်းပြိုင်ပွဲ ရွှေတံဆိပ်တစ်ဆုလျှင်ကျပ်သိန်း၁၅၀နှုန်းဖြင့်အမြင့်ဆုံးချီးမြှင့်

 ရန်ကုန်မေ ၂၀ ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သော အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော အားကစားနည်းများမှ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအတွက် နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့သော  ဂုဏ်ပြုဆုကြေးငွေများကို ယနေ့နံနက်ပိုင်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ရုံးခန်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးလွင်နှင့် တာဝန်ရှိသူများက ဆုကြေးငွေများ ထုတ်ပေးခဲ့သည်။

"အားကစားသမိုင်းတစ်လျှောက်မှာ ဒီလောက်များတဲ့ဆုကြေးငွေ မရခဲ့ပါဘူး။ အုပ်ချုပ်သူနည်းပြတွေအတွက်ပါ စဉ်းစားပေးတဲ့အတွက် နိုင်ငံတော်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုထိုက်တန်တဲ့ဆုကြေးက အားကစားသမားတွေအတွက် စိတ်ခွန်အားကို ဖြစ်စေပါတယ်။ မြန်မာ့အားကစား ရှေ့လျှောက်တိုးတက်လာတော့မယ်လို့ ယုံကြည်ပါတယ်"ဟု အားနစ်အားကစားနည်းဖြင့် ဆုရရှိခဲ့သော အားကစားသမားများအတွက် ဆုကြေးငွေ လာရောက်ထုတ်ယူသော မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခင်လေးမွန် ကကြေးမုံသို့ ပြောသည်။
 

နိုင်ငံတော်အစိုးရက တစ်ဦးချင်းပြိုင်ပွဲများ၌ ဆုရရှိသူများအနက်  ရွှေတံဆိပ်ဆုရ ကစားသမားအား ကျပ်သိန်း ၁၅၀၊ ငွေတံဆိပ်ဆုရကစားသမားအား ကျပ် ၇၅ သိန်း၊ ကြေးတံဆိပ်ဆုရကစားသမားအား ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
 

အသင်းလိုက်ပြိုင်ပွဲများ၌ ဆုရရှိသူများအနက် ရွှေတံဆိပ်ရရှိသည့် အသင်းမှ ကစားသမားတစ်ဦးချင်းစီအား ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရရှိသည့်အသင်းမှ ကစားသမားတစ်ဦးချင်းစီအား ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆု ရရှိသည့် အသင်းမှ ကစားသမားတစ်ဦးချင်းစီအား ကျပ်သိန်း ၃၀ စီ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်/နည်းပြအဖွဲ့များအတွက်မူ အမြင့်ဆုံးရရှိခဲ့သည့် ဆုတံဆိပ်အတွက်သာ ဆုကြေး သတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြအဖွဲ့ကို ကျပ်သိန်း ၅၀၊ ငွေတံဆိပ်ရရှိစေခဲ့သည့် နည်းပြအဖွဲ့အား ကျပ်သိန်း ၃၀၊ ကြေးတံဆိပ် ရရှိစေခဲ့သည့် နည်းပြအဖွဲ့အား ကျပ်သိန်း ၂၀ ချီးမြှင့်ခြင်းဖြစ်ပြီး အုပ်ချုပ်မှုအဖွဲ့များအတွက် ဆုကြေးများတွင် ရွှေတံဆိပ် ကျပ်သိန်း ၃၀၊ ငွေတံဆိပ် ကျပ်သိန်း ၂၀ နှင့် ကြေးတံဆိပ် ကျပ် ၁၀ သိန်း ချီးမြှင့်ကြောင်း သိရသည်။


 

ယခုချီးမြှင့်မှုများတွင် ကစားသမားပေါင်း ၁၆၆ ဦး အပါအဝင် အုပ်ချုပ်/နည်းပြများအား စုစုပေါင်း ချီးမြှင့်ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း (၉၈၂၀) သိန်း ရှိကြောင်း၊(၃၀)ကြိမ်မြောက်   အရှေ့တောင်      အာရှ အားကစား ပြိုင်ပွဲတွင်  မြန်မာအားကစားအဖွဲ့သည် အားကစားနည်း(၃၁)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်း(၂၀)နည်းမှ နိုင်ငံတော်အတွက် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၅၁)ခုဆွပ်ခူး ရရှိခဲ့ကြောင်းသိရသည်။

ဆုရအားကစားအဖွဲ့ချုပ်များမှာဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော်(ကနူ/ကယက်၊ရိုးရာလှေ၊အနောက်တိုင်းလှေ)၊ ပြေးခုန်ပစ် မြားပစ်၊ ဂျုဒို၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း ၊အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ဘောလုံး(ကျား/မ)၊  ကရာတေး၊ ပီတန်း၊ ရွက်လှေနှင့် ဝူရှူး တို့ဖြစ်သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%86%E1%80%AF%E1%80%9C%E1%80%BB%E1%80%BE%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%95%E1%80%BA%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%81%81%E1%81%85%E1%81%80%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7