spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ သည် တရုတ်ကစားသမား ချူဘင်ဂျီနှင့် တွေ့ဆုံ

Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ သည် တရုတ်ကစားသမား ချူဘင်ဂျီနှင့် တွေ့ဆုံ

ရန်ကုန် ၁၄ ဇူလိုင်

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး တရုတ်ကစားသမား ချူဘင်ဂျီနှင့် တွေ့ဆုံနေသည်။

ပထမအဆင့် အုပ်စုပွဲစဉ်များအပြီးတွင် ပထမနေရာရသည့် ဘုန်းမြင့်ကျော်၊ ဒုတိယနေရာရသည့် ယူဟိုင်ထောင်၊ တတိယနေရာရသည့် ကျန်ယူဘိုတို့မှာ ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့ပြီး အဆင့် ၄ ရသည့် ချူဘင်ဂျီနှင့် အဆင့် ၅ နေရာရသည့် လီဟိုင်ထောင်တို့မှာမူ ပြင်ပမှ ကစားသမားနှစ်ဦးနှင့် Play-off အဆင့် ပြန်လည်ကစားခဲ့ရသည်။ ချူဘင်ဂျီသည် Play-off ပထမအဆင့်တွင် အမျိုးသမီးကမ္ဘာ့ချန်ပီယံ ချန်ဆီမင်ကို အနိုင်ရပြီး ဒုတိယအဆင့်တွင် လီဟိုင်ထောင်ကို ထပ်မံအနိုင်ရသောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို သုံးရက်စီကစားရမည်ဖြစ်ပြီး ယူဟိုင်ထောင်နှင့် ကျန်ယူဘိုတို့ပွဲကို ဇူလိုင် ၂၂၊ ၂၃၊ ၂၄ ရက်၊ ဘုန်းမြင့်ကျော်နှင့် ချူဘင်ဂျီပွဲကို သြဂုတ် ၈၊ ၉၊ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကို သုံးရက်ကစားရမည်ဖြစ်ပြီး နှစ်ရက်အနိုင်ရသူမှာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ Play-off ပွဲစဉ်များကို ဇူလိုင်ပထမပတ်နှင့် ဒုတိယပတ်တွင် ကျင်းပပြီး နောက်ပိုင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရသူ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲများတွင် ရှုံးနိမ့်ခဲ့သည့် ချူဘင်ဂျီနှင့် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရန် မဖြစ်မနေ ရှုံးကြွေးပြန်ဆပ်ရတော့မည် ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲခုနစ်ပွဲတွင် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့ပြီး ရမှတ် ၄၁၈၀၀ မှတ်ဖြင့် အုပ်စုပထမနေရာရခဲ့ခြင်း ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ရက်ပေါင်း ၂၀ ထပ်မံပြင်ဆင်ချိန်ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အခြား Pool ပြိုင်ပွဲများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/chinese-8-ball-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-pool-%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%98%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%81-%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AE