spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ တစ်နှစ်တာ မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံးဆုများ ချီးမြှင့်

၂၀၁၉ တစ်နှစ်တာ မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံးဆုများ ချီးမြှင့်

 

ရန်ကုန် ၂၃ ဇူလိုင်

မြန်မာ့ရိုးရာလက်ဝှေ့ ပြန်ပွားရေးအသင်း (ဧရာဝတီ) က ပေးအပ်သော ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ ရိုးရာလက်ဝှေ့ အကောင်းဆုံးဆုပေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းမှ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (ရန်ကုန်) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် နာယက၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က မုဒိတာစကား ပြောကြားခဲ့သည်။

ထို့နောက် အကောင်းဆုံးဆုများ ဆက်လက်ပေးအပ်ရာ ၂၀၁၉ ခုနှစ်အတွင်း အလဲထိုးနိုင်ပွဲ အများဆုံး ကစားသမားဆုကို ဇွဲကပင်မြေကလပ်မှ နက္ခတ်အောင်၊ အတိုးတက်ဆုံး ကစားသမားဆုကို မန္တလေးအခြေစိုက် ကျားဖြူကလပ်မှ ကစားသမား ဗျဂ္ဃတို့က ရရှိခဲ့ပြီး အအောင်မြင်ဆုံး လက်ဝှေ့ကလပ်သင်း ဆုကို ဇွဲကပင်မြေကလပ်က ရရှိခဲ့သည်။

ဆုရရှိသူများအား မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် နာယက ဦးစိုးကျော်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြန့်နှံ့ရေးအသင်း (ဧရာဝတီ) ဥက္ကဋ္ဌ ဦးငြိမ်းချမ်းကို၊ အတွင်းရေးမှူး ဦးကိုကိုကျော်၊ အထက်မြန်မာပြည် ရိုးရာလက်ဝှေ့တာဝန်ခံ ဥက္ကဋ္ဌ ဦးကျော်မင်းခိုင် အစရှိသည့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြန်ပွားရေးအသင်း (ဧရာဝတီ) နှင့်အတူ The Glory of 9.9 အုပ်စုနှင့် Myanmar Makro Industry Co.Ltd တို့မှ ဆုငွေနှင့် ပစ္စည်းများ ပါဝင်ချီးမြှင့်ခဲ့ကြသည်။  ထို့နောက် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်သို့ ကိုဗစ်ကာလအတွက်  ငွေကျပ် ၁၄၅ သိန်း ထောက်ပံ့ခဲ့သော Royal-D အချိုရည်အား ဂုဏ်ပြုလက်မှတ်ပေးအပ်ကာ အသင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းကိုက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာ့ရိုးရာ လက်ဝှေ့ပြန်ပွားရေးအသင်း (ဧရာဝတီ) သည် ရိုးရာလက်ဝှေ့ အကောင်းဆုံးဆုများကို ၂၀၁၇ ခုနှစ်မှ စတင်ပေးအပ်လာခဲ့ခြင်းဖြစ်ရာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%90%E1%80%85%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%90%E1%80%AC-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7-%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%86%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%B7%E1%80%BA