spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ(၂)ရက်။
 
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဘဏ္ဍာရေး ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ အားကစား လေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ မိမိဌာနခွဲနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြား အလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်း အဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
 
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသည် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား နှစ်အပိုင်းအခြားအလိုက် တင်ပြပေးကြရန်လိုအပ်ပါကြောင်း၊ ထိုသို့တင်ပြဆွေးနွေးရာတွင် အခြားနိုင်ငံများတွင် အားက စားနှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များကို လေ့လာကြရန်လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မည်ကဲ့သို့စွမ်းဆောင်ရည်မြင့်မားမှုများကို ပြုလုပ်မည်ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း၊ ယခု Covid-19 ကပ်ရောပါကာလတွင် ပြည်နယ်နှင့်တိုင်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် စွမ်းစွမ်းတမံပူးပေါင်းကူညီဆောင်ရွက်နေမှုကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောကြားကာ အစည်းအဝေးအဖွင့်အမှာစကား ပြောကြားခဲ့သည်။
 
 
ဆက်လက်၍ ကွင်း/ရုံ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးမှ ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များဖြစ်သော ဌာနခွဲဖွဲ့စည်းပုံအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ တင်ပြဆောင်ရွက်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မြေဂရမ်၊ မြေလွှဲမိန့်များ ရရှိရေး ဆောင်ရွက်ခြင်းများ၊ အားကစားကွင်း/ရုံ၊ အားကစားလေ့ကျင့်ရေးစခန်း၊ ရုံး၊ ဝန်ထမ်းအိမ်ရာများအား တိုးချဲ့တည်ဆောက်နိုင်ရေး ဆောင်ရွက်ခြင်း၊ ငှားရမ်းထားသောမြေနှင့် ဆိုင်ခန်းများ ၏ ငှားရမ်းခများ တပြေးညီကောက်ခံနိုင်ရေးနှင့် စာချုပ်များ ရပ်ဆဲစေခြင်းဆိုင်ရာ အခြေအနေများ ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဌာနခွဲအတွင်း လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာလုပ်ငန်းအလိုက် စွမ်းဆောင်ရည်မြင့်သင်တန်းနှင့် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်တင်ပြခြင်း အစရှိသည်များကို သက်ဆိုင်ရာနှစ်အပိုင်းအခြားအလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့သည်။
 
 
လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ရှေ့(၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအစဉ်များ လူထုအားကစားကဏ္ဍဖြစ်သော ကျောင်းသားလူငယ်များအတွက် နွေရာသီနှင့် ဆောင်းရာသီအားကစားသင်တန်းများ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(EIM)သင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာ များ၊ ဝန်ကြီးဌာနပေါင်းစုံနှင့် ဌာနဆိုင်ရာအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာ လျာထား ချက်များ၊ အားကစားကလပ်များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ အများပြည်သူများနှင့် သက်ဆိုင်သောနေရာများတွင် Outdoor Fitness များ တပ်ဆင်ခြင်းဆိုင်ရာများ၊ အထိမ်းအမှတ်နေ့များတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ပညာရေးနှင့် ပြန်ကြားရေးကဏ္ဍဖြစ်သော ရုပ်သံထုတ်လွှင့်မှု အစီအစဉ်များတွင် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ အခြေခံအားကစားနည်းစနစ်ဆိုင်ရာစာအုပ်များ ထုတ်ဝေခြင်း၊ အများပြည်သူအား ဟောပြောခြင်း၊ သ ရုပ်ပြခြင်း၊ ပညာပေးပိုစတာဆိုင်းဘုတ်များ စိုက်ထူခြင်းဆိုင်ရာ အစီအစဉ်ကိစ္စရပ်များကို နှစ်အလိုက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါသည်။
 
 
စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်မှ တင်ပြဆွေးနွေးရာတွင် ရှေ့လာမည့်(၅)နှစ်အတွင်း အားကစားသမားများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲများ မကျင်းပမီနှင့် ကျင်းပပြီးစီးသည့်အချိန်များတွင် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ အားကစားသုတေသနလက်ဆွဲစာဆောင်များထုတ်ဝေခြင်း၊ အားကစားသမားများ၏ ဖြစ်စဉ်မှန်ကန်ရေး လေ့ကျင့်ရေးအစီအစဉ်များ ဆီလျော် မှု ရှိ/မရှိ သုတေသနပြုဆောင်ရွက်ခြင်း၊ ကျွေးမွေးသည့်အစားအစာများ အဟာရပြည့်ဝမှု ရှိ/မရှိ သုတေသနပြု အကြံပြုခြင်းဆိုင်ရာဆောင်ရွက်ခြင်း၊ ခေတ်မီအားကစားနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေး သုတေသနပြုအကြံပေးဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များအလိုက် သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။
 
ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုအ စည်းအဝေးတွင် တင်ပြသည့်အကြောင်းအရာများအပေါ် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းကူညီအကြံပြုပေးစေလိုကြောင်းနှင့် မိမိတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် တစ်မျိုးသားလုံးကျန်းမာရေး၊ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ရသည့်ဌာနဖြစ်သည့်အတွက် ပိုမိုသတိထား စေတနာထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%9C%E1%80%AC%E1%80%99%E1%80%8A%E1%80%B7%E1%80%BA%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8-%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%80%E1%80%BA%E1%80%99%E1%80%8A%E1%80%B7%E1%80%BA%E1%80%A1%E1%80%85%E1%80%AE%E1%80%A1%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA