spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ မတ်လ(၂)ရက်။              ။

၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်အတွက် အားကစားအဖွဲ့ချုပ်များသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ Covid-19 စည်းကမ်းနှင့်အညီ လေ့ကျင့်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် နေပြည်တော်ဝဏ္ဏသိဒိ္ဓ ဝူရှူးအားကစားရုံ၌ ဝူရှူးမြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓ အလေးမအားကစားရုံ၌ မြန်မာ့လက်ရွေးစင် အလေးမအားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓပိုက်ကျော်ခြင်းအားကစားရုံ၌ ပိုက်ကျော်ခြင်း မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓမြှားပစ်အားကစားကွင်း၌ မြန်မာ့လက်ရွေးစင်မြှားပစ် အားကစားသမားများ လေ့ကျင့်နေမှု ကိုလည်းကောင်း၊ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား  နိုင်ငံတော်အားကစားဖြင့် ဂုဏ်သိက္ခာတိုးတက်မြင့်မားစေရန် အစွမ်းကုန် ဆုတံဆိပ်ရရှိနိုင်ရေးအတွက် ကြိုးစားလေ့ကျင့်စေလိုကြောင်း၊ မိမိတို့လုပ်ငန်းတာဝန်ဖြစ်သော အားကစားလေ့ကျင့်မှုကို ဂရုတစိုက် စဉ်ဆက်မပြတ် အောင်မြင်မှုရရှိရမည်ဟူသော စိတ်အာရုံထားရှိကာ ကြိုးစားလေ့ကျင့်စေလိုကြောင်း၊ လေ့ကျင့်မှုကာလတွင် အားကစားသမားတစ်ဦးချင်းစီ၏ လိုအပ်ချက်မှန်သမျှကို အချိန်နှင့် တစ်ပြေးညီ တင်ပြစေလိုကြောင်း၊ နိုင်ငံတကာပြိုင်ပွဲတွင် အောင်မြင်မှု ရရှိပါက မိမိအောင်မြင်မှုထက် နိုင်ငံတော်အတွက်အောင်မြင်မှုဟူသော စိတ်ဓာတ်မျိုးထားရှိလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ အောင်မြင်မှုရရှိပါက နိုင်ငံတော်မှ ယခင်နှစ်များထက် ထိုက်ထိုက်တန်တန်ချီးမြှင့်ရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အားကစားသမားများအား တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ စားရိပ်သာသို့ရောက်ရှိလာပြီး လက်ရွေးစင်အားကစားသမားများအတွက် ထောက်ပံ့ကျွေးမွေးစရိတ်ကို ယခင်ထက် တိုးမြှင့်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လေ့ကျင့်မှုအတွက် ကုန်ခမ်းသွားသော အင်အားများ ပြန်လည်ဖြည့်စွမ်းနိုင်ရေးအတွက် စားရိပ်သာမှ ကျွေးမွေးထောက်ပံ့မှုသည် အဓိကကျပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနည်းအလိုက် ကျွေးမွေးရမည့် ကျွေးမွေးမှု အစီအစဉ်အား သက်ဆိုင်ရာ ဆေးဘက်တာဝန်ခံများ၏ လမ်းညွှန်မှုအတိုင်း ပြည်စုံအောင် ကျွေးမွေးရန် လိုအပ်ပါကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA