spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရန်အတွက် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရန်အတွက် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီလ(၂၄)ရက်။                        ။

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှု ရရှိစေရေးအတွက် ရန်ကုန်မြို့နှင့် နေပြည်တော်တို့၌ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နံနက် (၈)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ရှိ အားကစားကွင်း/ အားကစားရုံများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒိ္ဓ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှု စစ်ဆေး၍ အားကစားသမားများ စံချိန်စံညွှန်းကောင်းမွန်ရေးနှင့် နည်းပြအုပ်ချုပ်သူများ လူရွေးချယ်ကိစ္စ များနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။   

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။            

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Fitness Center Gym ခန်းမ၌ မြန်မာအားကစားအဖွဲ့များ ဖြစ်ကြသော ဝူရှူး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ် အားကစားအဖွဲ့များ၏ (Physical Training)ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒိ္ဓ အလေးမအားကစားရုံတွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အလေးမအားကစားသမားများ‌ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓလက်ဝှေ့အားကစားရုံ၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် လက်ဝှေ့ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓပိုက်ကျော်ခြင်း အားကစားရုံ၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓအားကစားရုံ(B)၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုများကိုလည်းကောင်း အသီးသီး ကြည့်ရှုစစ်ဆေးပြီး အားကစားမားများ ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် စိတ်ဓာတ်မြှင့်တင်အားပေးကာ အားကစားသမားများ လေ့ကျင့်ရန်လိုအပ်လျက်ရှိသော လေ့ကျင့်ရေးအထောက်အကူပစ္စည်းများ၊ အခြားကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်းနှင့် ရုံးအိမ် တည်ဆောက်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် အားကစားကွင်း စိမ်းလန်းစိုပြေရေးနှင့် တည်ဆောက်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ ဇဗ္ဗူသီရိမြို့နယ် ဘောလုံးအားကစားကွင်းနှင့် ရုံးအိမ်တည်ဆောက်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဘောဂသီရိဘောလုံးအားကစားကွင်း တည်ဆောက်နေမှု လုပ်ငန်းများကိုလည်းကောင်း အသီးသီးကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်(၁၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာ၌ မြန်မာ့လက်ရွေးစင်အားကစားသမားများ နေ့လယ်စာ စားသုံးနေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA