spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားဆိုင်ရာဝန်ကြီးများ၏ တားမြစ်ဆေးဝါးဆိုင်ရာ အမြင်ချင်းဖလှယ်ခြင်း Virtual Meeting သို့ ကျန်းမာရေးနှင့်အားကစား

ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားဆိုင်ရာဝန်ကြီးများ၏ တားမြစ်ဆေးဝါးဆိုင်ရာ အမြင်ချင်းဖလှယ်ခြင်း Virtual Meeting သို့ ကျန်းမာရေးနှင့်အားကစား

နေပြည်တော်၊ ဇူလိုင်လ (၈)။

ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားဆိုင်ရာ ဝန်ကြီးများ၏ တားမြစ်ဆေးဝါးဆိုင်ရာ အမြင်ချင်းဖလှယ်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁၂:၃၀)အချိန်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ဥက္ကဌ Mr.Witold Banka  နှင့် ဒုတိယဥက္ကဌ Ms.Yang Yang ၊ အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများမှ အားကစားဆိုင်ရာဝန်ကြီးများ၊ မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားဆိုင်ရာ ဆေးဘက်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ရှေးဦးစွာ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ဥက္ကဌ Mr.Witold Banka မှ ကမ္ဘာ့ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့၏ ကြုံတွေ့နေရသောအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တားမြစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းများအကြောင်း၊ COVID-19 ကာလ အတွင်း ကြုံတွေ့ရသည့်အ‌ခြေအနေများ၊ World Anti-Doping Agency (WADA) ၏ နှစ်စဉ်ဘတ်ဂျက်နှင့် အနာဂတ်တွင် အစိုးရဌာနများ၊ အဖွဲ့ချုပ်များအပြင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်လာသည့် သန့်ရှင်းသည့် အားကစားလောက တည်ဆောက်နိုင်ရန် အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေများ၊ World Anti-Doping Agency (WADA)  မှ Regional Anti-Doping Organization– (RADO)နှင့် Myanmar Anti-Doping Organizatio-(MADO) များသို့ အထောက်အပံ့ပေးအပ်မှုအခြေအနေများအကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ ဒုတိယဥက္ကဌ Ms.Yang Yang မှ ဆွေးနွေးရာတွင် အားကစားသမားတစ်ဦး၏ ဘဝစတင်သည့်အချိန်မှစတင်၍ တားမြစ်ဆေးဝါးဆိုင်ရာ ပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသော အားကစားလောက တည်ဆောက်နိုင်ရေး၊  World Anti-Doping Agency (WADA) ၊ E-Learning Programme ပညာပေးအစီအစဉ်ကို World Anti-Doping Agency (WADA) Website တွင် အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ပညာပေးလုပ်ငန်းများတွင် အားလုံးပါဝင် သင်ယူပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် တားမြစ်ဆေးဝါးဆန့်ကျင်ရေး ကော်မတီအား ၂၀၁၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ Myanmar Anti-Doping Organization – (MADO)၏ Website အား ယခုနှစ်အစောပိုင်းကာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အားကစားအဖွဲ့ချုပ်များ၊ အားကစားသမား များအား အထောက်အကူပြုပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များအား တားမြစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပါကြောင်း၊ ကမ္ဘာ့တားမြစ် ဆေးဝါးဥပဒေ World Anti-Doping Agency (WADA Code)အား မြန်မာဘာသာသို့ ပြန်ဆို၍ တားမြစ်ဆေးဝါးဥပဒေ ပေါ်ပေါက်လာရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Myanmar Anti-Doping Organization – (MADO)သည် ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့၏ တားမြစ်ဆေးဝါး စစ်ဆေးမှု အထောက်အပံ့ဖြင့် အားကစားပြိုင်ပွဲပြင်ပ တားမြစ်ဆေးဝါး သုံးစွဲမှုအား နှစ်စဉ် စစ်ဆေးပေးလျက်ရှိပြီး ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့မှ အသိအမှတ်ပြုထားသော ကာတာနိုင်ငံရှိ ဓါတ်ခွဲခန်းသို့ အရှေ့တောင်အာရှတားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့၏ ပူးပေါင်း ပါဝင်မှုဖြင့် ပေးပို့စစ်ဆေးလျက်ရှိပါကြောင်း၊ ယခုအခါတွင် ပြည်တွင်းပြိုင်ပွဲများ၊ အားကစား ပြိုင်ပွဲတွင်း စစ်ဆေးခြင်းများနှင့် ဒေသတွင်းပြိုင်ပွဲများတွင် တားမြစ်ဆေးဝါး သုံးစွဲမှု စစ်ဆေးခြင်းတို့အား နိုင်ငံ၏အစီအစဉ်အရ ဘဏ္ဍာငွေခွင့်ပြု၍ စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Myanmar Anti-Doping Organization – (MADO) အနေဖြင့် အရှေ့တောင်အာရှတားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့နှင့် ကမ္ဘာ့တားမြစ် ဆေးဝါးဆန့်ကျင်ရေး အဖွဲ့တို့နှင့် လက်တွဲ၍ တားမြစ်ဆေးဝါးဆိုင်ရာ သုတေသနလုပ်ငန်းများ နည်းပညာ အထောက်အပံ့များကူညီပေးစေလိုပါကြောင်း  မြန်မာနိုင်ငံတွင်  သန့်ရှင်းသော အားကစား နယ်ပယ်ပေါ်ထွန်းလာရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အားကစားဆိုင်ရာဝန်ကြီးများမှ သက်ဆိုင်ရာ နိုင်ငံများ၏ တားမြစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များ၊ တားမြစ်ဆေးဝါးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြုံတွေ့နေရသော အခက်အခဲ များ၊ ဂျပန်နိုင်ငံအားကစားဝန်ကြီးမှ 2020 Tokyo Olympic အားကစားပြိုင်ပွဲတွင် တားမြစ် ဆေးဝါးသုံးစွဲခွင့်မရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အတွေ့အကြုံများ၊ အခက်အခဲများ အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရပါသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%90%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%86%E1%80%B1%E1%80%B8%E1%80%9D%E1%80%AB%E1%80%B8%E1%80%86%E1%80%94%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%81%8A-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%81%8A-%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA