spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ(၁၀) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းမှစ၍ မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ လိုက်ပါလျက် မော်လမြိုင်မြို့ (ရာမည) မိုးလုံလေလုံ အားကစားခန်းမအား ကြည့်ရှုစစ်ဆေး၍ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။  

ထို့နောက် မော်လမြိုင်မြို့ (ရာမည) အားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းအတွင်း  (Synthetic) ပြေးလမ်း ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေး၍ အဆင့်မီ အရည်အသွေး ပြည့်ဝပြီး ရေရှည် အသုံးပြုနိုင်ရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်၊ ဘောလုံးကွင်း ပွဲကြည့်စင်အသစ် တည်ဆောက်မည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်ပြီး အချိန်မီ ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မော်လမြိုင်မြို့ (ရာမည)အားကစားကွင်းအတွင်း စားပွဲတင်တင်းနစ် အားကစားရုံနှင့် မော်လမြိုင်မြို့ ကာယဗလနှင့် ကာယအလှ အားကစားခန်းမအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်လုပ်ကိုင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မော်လမြိုင်မြို့ ရေကူးကန် တည်ဆောက်ရန် လျာထားမြေနေရာအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ရေကူးကန်အပြင် ပြည်သူများ အပန်းဖြေအနားယူမည့် နေရာမျိုးဖြစ်အောင် ဖန်တီး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Southern Myanmar F.C ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မွန်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ မွန်ပြည်နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီး ပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ မွန်ပြည်နယ်အတွက် အားကစား အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမနှင့် ဖူဆယ်အားကစားကွင်း တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေး၍ မုဒုံ ဘောလုံးကွင်း သန့်ရှင်းသာယာရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် ဖူဆယ်အားကစားကွင်း တည်ဆောက်ရာတွင် မြက်ခင်းတု ခင်းကျင်းရာ၌ ရေရှည်အသုံးပြုနိုင်ရေး ရေဖျန်းစနစ် တပ်ဆင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကျိုက်မရောမြို့ ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း စိမ်းလန်းစိုပြေရေး၊ ပြည်သူများ အချိန်မရွေး လာရောက် ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ သင်တန်းသား/သင်တန်းသူများနှင့် အထူးနေ့လည်စာ အတူစားသုံးပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ ဝန်ထမ်းများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အထက်အောက် အပြန်အလှန် လေးလေးစားစား စည်းစည်းလုံးလုံး မိသားစုသဖွယ် စိတ်ဓာတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် မိသားစုအသွင် ဝိုင်းဝန်းကူညီ ပေါင်းစပ်ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ဝန်ထမ်းများ တစ်ဦးချင်းနှင့် မိသားစုလိုက် ကျန်းမာရေး အထူးဂရုစိုက် နေထိုင်ကြရန်၊ ဝန်ထမ်းများ ဗဟုသုတ ဉာဏ်ပညာကြွယ်ဝစေရေး ရသမျိုးစုံပါသောစာများ ဖတ်ရှု လေ့လာ မှတ်သားကြရန်၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သတ်မှတ် ထားသည့် စည်းကမ်းချက်များအား အလေးထားလိုက်နာ နေထိုင်ပြီး တာဝန်ထမ်းဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မော်လမြိုင်တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် တွေ့ဆုံ၍ မော်လမြိုင်တက္ကသိုလ်အတွင်း အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံကာ သင်တန်းသား/သင်တန်းသူများ လေ့ကျင့်နေမှုများနှင့် အားကစားလေ့ကျင့်ရေး အဆောက်အဦများ၊ အားကစားသမားများ၏ အိပ်ဆောင်များ၊ ဆေးခန်း နှင့် စာသင်ကျောင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် အားကစားဥယျာဉ် တည်ဆောက်မည့် မြေနေရာ အား သွားရောက်ကြည့်ရှု၍ အားကစားကွင်း/အားကစားရုံ၊ အရာထမ်း/အမှုထမ်းများနေအိမ်၊ အားကစားသမားများ အိပ်ဆောင် စသည့် တည်ဆောက်မည့် မြေနေရာအသီးသီးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         

        


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%87%E1%80%B6-%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD