spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ်ရှိ အားကစားကွင်း/ အားကစားရုံများလိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ်ရှိ အားကစားကွင်း/ အားကစားရုံများလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ(၉) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ ပြည်စုံလုံလောက်မှုရှိရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် လိုအပ်သည့် အားကစားကွင်း/အားကစားရုံများ အသစ်ထပ်မံတည်ဆောက် နိုင်ရေးသည် မြန်မာ့အားကစား ဖွံဖြိုးတိုးတက်ရေးအတွက် အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်(၁)နာရီမှစ၍ ကရင်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံအသီးသီးကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးသို့ ရောက်ရှိလာပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအားလုံး အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရေးအတွက် အထက်အောက် အပြန်အလှန် လေးလေးစားစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟူသော ဆောင်ပုဒ်နှင့်အညီ  ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဌာနတစ်ခုလုံး အထက်အောက် အပြန်အလှန် အချင်းချင်း ကိုယ်ချင်းစာစိတ်ဖြင့်  မိသားစုစိတ်ဓာတ်ထား၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဆိုလျှင် မည်သည့်လုပ်ငန်းကိုမဆို အောင်မြင်မည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကရင်ပြည်နယ်၊ ဇွဲကပင် (လှာကမြင်) အားကစားကွင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု၍ လက်ရှိပွဲကြည့်စင် အဟောင်းများ၊ အဆောက်အဦ အဟောင်းများ ဖျက်သိမ်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ(အောင်သံလွင်) ပြည်နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းအား ပျက်စီးမှု မရှိစေရေး စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ပြီး အကောင်းဆုံးအသုံးပြုနိုင်ရေးနှင့် ဘောလုံးအားကစားကွင်းအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် ဘောလုံးကွင်း အရှေ့ဘက် အမိုးပါပွဲကြည့်စင် တည်ဆောက်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ကရင်ပြည်နယ် အားကစား တိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင်‌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ခေတ္တဝန်ကြီးချုပ်ထံသို့ ကရင်ပြည်နယ်အတွက် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ ဇွဲကပင် ရေကူးကန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေကူးကန်သို့ ပြည်သူများ လာရောက် ကူးခတ်ဆော့ကစားရာတွင် ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အရေးပေါ် ကယ်ဆယ်နိုင်ရေး အစီအမံများ ဆောင်ရွက်ထားရှိရန်၊ အထူးသဖြင့် အသက်ကယ်နိုင်ရေး ရေကူးကန် အသက်ကယ်ဘောများ အဆင်သင့် ထားရှိရန်၊ ရေကူးလာရောက်သူများ အတွက် အဆင်ပြေ လွယ်ကူစေရန် မျက်နှာစာ ဝင်ပေါက်တစ်ခု ထပ်မံ ဖောက်လုပ်ဆောင်ရွက်ရန်နှင့် ရေကူးကန် တည်ဆောက်ထားသော မြေနေရာအား ဌာနပိုင်မြေနေရာအဖြစ် သတ်မှတ်နိုင်ရေး ပြည်နယ် အစိုးရထံမှ အမြန်ဆုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%87%E1%80%B6-%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD