နေပြည်တော်၊ မတ် (၃ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် ရုံးအမှတ်(၃၁) ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ Common Training Camp WAG(Women Artistics Gymnastics) နှင့် (၈ဝ)ကြိမ်မြောက် စင်္ကာပူတံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားပါသည်။
ရှေးဦးစွာ ပြည်ပသို့ သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပါ သည်။
ထို့နောက် မြန်မာနိုင်ငံကျွမ်းဘားအားကစားအဖွဲ့ချုပ် ဒေါ်ကေသီလှိုင်မှ ရှင်းလင်း တင်ပြရာ ဗီယက်နမ်နိုင်ငံတွင် (၂-၄-၂ဝ၁၈)မှ (၆-၃-၂ဝ၁၈)ရက်အထိ ဖွင့်လှစ် သင်ကြားပေးမည့် Common Traning Camp WAG(Women Artistics Gymnastics) (၅)ရက်သင်တန်းကို အရှေ့တောင်အာရှနိုင်ငံများအားဖိတ်ကြားပြီး စာတွေ့လက်တွေ့ သင်ကြားမှာဖြစ်သည့်အတွက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ အုပ်ချုပ်သူ၊နည်းပြအပါအဝင် မျိုးဆက်သစ်အားကစားသမား(၁)ဦး စုစုပေါင်း(၃)ဦးတို့သည် (၁-၄-၂ဝ၁၈)ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌဦးမြသန်းထိုက်မှ ရှင်းလင်းတင်ပြရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲသည် စင်္ကာပူနိုင်ငံတွင် (၁၁-၄-၂ဝ၁၈) ရက်မှ(၁၂-၄-၂ဝ၁၈)ရက်အထိ ကျင်းပပြုလုပ်မည့် (၈ဝ)ကြိမ်မြောက် စင်္ကာပူတံခွန်စိုက်ပြေးခုန်ပစ် ပြိုင်ပွဲတွင် ပြိုင်ပွဲနိုင်ငံ(၂ဝ)ကျော်နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၂ဝဝ)ခန့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ မြန်မာအားကစားသမားများအနေဖြင့် Event (၅)မျိုး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး (၉-၄-၂ဝ၁၈)ရက်နေ့တွင်သွားရောက်မည်ဖြစ်ကြောင်း၊ ဆုတံဆိပ်လည်း မျှော်မှန်းထားပြီးအောင်မြင်မှုများရရှိရန် ကြိုးစားယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ယခင်အတွေ့အကြုံများကိုလေ့လာပြီး ယခုပြိုင်ပွဲတွင်လက်ရှိစံချိန်ထက်မလျော့ပဲ ကြိုးစားယှဉ်ပြိုင် လိုပါကြောင်း၊ ပြေးခုန်ပစ် အားကစားသမားအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတိုင်းတွင် ဆုတံဆိပ်များရရှိအောင် ကြိုးစားကြစေလိုကြောင််း၊ မြန်မာနိုင်ငံ၏ဂုဏ်ကိုပိုမိုထင်ရှားအောင်ပြသရန် လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်မည့် ကျွမ်းဘားအဖွဲ့ချုပ်အနေဖြင့်လည်း သင်တန်းမှပို့ချသော စာတွေ့လက်တွေ့များကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ ယခုတက်ရောက်လာသော အားကစား များအနေဖြင့် ကိုယ့်ကိုကိုယ့်ယုံကြည်မှုရှိပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့ အထူးလိုအပ်ပါကြောင်း၊ အတွေ့အကြုံကောင်းများစွာရရှိပြီး နောင်လာမည့် ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိ အောင်ကြိုးစားကြဖို့ လမ်းညွှန်မှာကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။