နေပြည်တော်၊ မေ(၁ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ကြက်တောင်အားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင််ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၉းဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင််ပိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မျိုးဆက်သစ်လူငယ်ကြက်တောင်ကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော ကြက်တောင်အားကစားသမားကောင်းများ ရရှိရေး တို့အတွက်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် မိမိတို့ကိုယ်စားပြုသော တိုင်းဒေသကြီးနှင့်ပြည်နယ် ဂုဏ်ကို မြှင့်တင်ပြီး အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြစေလိုကြောင်း၊ မိမိတို့၏ တစ်ဦးချင်းအရည်အချင်းများကို အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှစ၍ မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သောလက်ရွေးစင် အားကစားသမားများအထိဖြစ်အောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ပိုင်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲအုပ်စုပတ်လည်ပွဲစဉ်များကိုကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၅)သင်းနှင့် အမျိုးသမီးအသင်း (၁၃)သင်း၊ အားကစားသမားစုစုပေါင်း(၁၇၈)ဦးတို့သည် မေလ(၁ဝ)ရက်နေ့မှ မေလ(၁၄)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ နေ့စဉ် နံနက်(၉းဝဝ)နာရီ အချိန်တွင် အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည် တစ်ဦးချင်းပြိုင်ပွဲများ၊နှစ်ယောက်တွဲပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ကြက်တောင်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။