spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၂၂)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ အလားအလာကောင်းမွန်သည့် လူငယ်အားကစားသမားများ မွေးထုတ်စုစည်းပေးနိုင်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့်   အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက်      မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ် ဘော်လီဘောကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ နိုင်ငံတော်အတွက် အလားအလာကောင်းမွန်သည့် လူငယ်အားကစားသမားများ မွေးထုတ်စုစည်းပေးနိုင်ရေး၊ အနာဂတ် တွင် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကိုးအားထားပြုနိုင်သော အားကစားသမားကောင်းများ ရရှိရေးတို့အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပြည့်ဝဖို့လိုသလို တစ်ဦးနှင့် တစ်ဦးနားလည်မှုရှိရှိ အပေးအယူမျှမျှနှင့် ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်သောကြောင့် တစ်ဦးချင်းသာမက အသင်းလိုက်ပါ လေ့ကျင်မှုပြည့်ဝဖို့ အထူးလိုအပ်ပါကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဘော်လီဘောအားကစားနည်းသည် မျှော်မှန်းထားသလောက် အောင်မြင်မှု မရှိသေးသောကြောင့် ယခုထက် ပိုမိုကြိုးစား သွားကြဖို့လိုအပ်ပါကြောင်း၊  မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်အနေနှင့်လည်း ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရွေးချယ်ဖော်ထုတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်တာဝန်ယူဆောင်ရွက်မည့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး ပြိုင်ပွဲဥပဒေနှင့်စည်းမျဉ်း/စည်းကမ်းများကိုတရားမျှတစွာ ဆောင်ရွက်ပေး စေလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေနှင့်လည်း ယခုလို တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော ဘော်လီဘော အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ 

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီးနောက် အမျိုးသားအုပ်စု ပတ်လည်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၄)သင်း၊ အားကစား သမား စုစုပေါင်း(၄၁၇)ဦးတို့သည် မေလ(၂၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)တွင် နေ့စဉ်နံနက်(၈:ဝဝ)နာရီ အချိန်မှစ၍ အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည် ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘော်လီဘောအားကစားနည်းကို စိတ်ပါ ဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95