spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသားတံခွန်စိုက်ဖလားဆု ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဖလားဆု ရှမ်းပြည်နယ်အသင်းတို့ရရှိ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသားတံခွန်စိုက်ဖလားဆု ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဖလားဆု ရှမ်းပြည်နယ်အသင်းတို့ရရှိ

နေပြည်တော်၊မေ(၃၁)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲစဉ်ကို ယနေ့နံနက်(၇)နာရီ အချိန်မှစတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ (C)ရုံတွင် စတင်ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် ကြည့်ရှုအားပေးကြ ပါသည်။  

ယနေ့ နောက်ဆုံးအမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့  ယှဉ်ပြိုင်ကစားရာ နေပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ရမှတ် (၁၉-၂၅)၊ (၃ဝ-၂၈)၊ (၂၇-၂၅)၊ (၃၃-၃၅)၊ (၁၅-၁၂)မှတ်ဖြင့် အနိုင်ရရှိသွားပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ တွင် ပူးတွဲတတိယဆုရရှိသော ကယားပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်းနှင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစား နှင့်  ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင်များမှလည်းကောင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်း ဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ ပထမဆုရရှိသော ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအား   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသမီးအကောင်းဆုံးသမားဆုများချီးမြှင့်ရာ အကောင်းဆုံး စပေးဘောဆုရရှိသော နန္ဒာဝင်းပြည့်(မန္တလေး)၊ အကောင်းဆုံးဆယ်မဆုရရှိသော ခိုင်သဇင်ထွေး (ရှမ်း)၊ အကောင်းဆုံးပိတ်ဆို့ဆုရရှိသော သူဇာအောင် (ရှမ်း)၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသော ဝါဝါအေး(တနင်္သာရီ)၊ အကောင်းဆုံးပင့်ထောင်ဆုရရှိသော ချစ်မြတ်လွင်(တနင်္သာရီ )၊ အကောင်းဆုံး ကစားသမားဆုရရှိသော ကြူကြူအေး(ရှမ်း) တို့အားလည်းကောင်း၊ အမျိုးသားအကောင်းဆုံး ကစားသမားဆုတွင် အကောင်းဆုံးစပေးဘောဆုရရှိသော စောရိန်မိုး(နေပြည်တော်)၊ အကောင်းဆုံး ဆယ်မဆုရရှိသော မိုးကျော်(မန္တလေး)၊ အကောင်းဆုံးပိတ်ဆို့ဆုရရှိသော အောင်ဖြိုး(စစ်ကိုင်း)၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသော အောင်ဇင်ဦး(မန္တလေး)၊ အကောင်းဆုံးပင့်ထောင်ဆုရရှိသော ကောင်းမြတ်သူ(မန္တလေး)၊ အကောင်းဆုံးကစားသမားဆုရရှိသော ပြည့်စုံအောင်(နေပြည်တော်) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန၊ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ပါသည်။

ဆက်လက်ပြီး တံခွန်စိုက်ဖလားဆုများချီးမြှင့်ရာ အမျိုးသားတံခွန်စိုက်ဖလားဆုရရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဖလားဆု ရရှိသော ရှမ်းပြည်နယ်အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစား နှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%86%E1%80%AF