spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးပေါင်းစပ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးပေါင်းစပ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်၊ဇွန်လ(၅)ရက်။   

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂ဝ၁၈ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင်  ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပူးပေါင်း၍ ရန်ကုန်မြို့၌ လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁ဝ) နာရီက တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် မှနှစ်စဉ် ဇွန်လ(၂၃)ရက်နေ့ ၌ကျရောက်သောအပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် (၁၅)ကီလိုမီတာ အပြေးပြိုင်ပွဲများကို  ကမ္ဘာ့နိုင်ငံအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်မှာ ယနေ့အထိပင်ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံ၌ လည်း  နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် အိုလံပစ်နေ့အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ နှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှလည်း အားကစားပြိုင်ပွဲများကို မိုးပြာရောင်နောက်ခံတွင် အဖြူရောင်စာလုံးဖြင့် Olympic Day-2018  စာတမ်းပါဆိုင်းဘုတ် များချိတ်ဆွဲကာ ပြိုင်ပွဲများကျင်းပရမှာဖြစ်ကြောင်း၊ ရန်ကုန်မြို့၌လမ်းလျှောက်ပွဲကို ဇွန်လ(၁၇)ရက်နေ့၊ နံနက်(၆)နာရီ တွင် ကျိုက္ကဆံအားကစားကွင်း  ဂိတ်အမှတ်(၉)မှ စတင်တာလွှက်ပြီး အမှတ်(၆) ဂိတ်မှ ပြန်လည်ပန်းဝင်လာကာ  ပန်းဝင်လာသူ အားလုံးအား   100 Plus အအေးများ တိုက်ကျွေးသွားမည်ဖြစ်သည့် အတွက်ကြောင့် တာလွှတ်နှင့် ပန်းဝင်နေရာ များတွင် အိုလံပစ်နေ့ ဆိုင်းဘုတ်များတပ်ဆင်ထား၍ ဖိတ်ကြားရေးနှင့် တီရှပ်အင်္ကျီများ အချိန်မီဝေငှထားရေး ၊  ပြည်သူများပါ ပါဝင်ပူးပေါင်းကာ စည်စည်ကားကား  ပါဝင်လှုပ်ရှားလာစေရေးတို့အတွက်  တိုက်တွန်းနှိုးဆော်ရေးပါစီစဉ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားကွင်း/အားကစားရုံ ၊ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး၊ လူထုအားကစားနှင့်ပညာရေးဌာနခွဲတို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ မော်တော်ယာဉ်ဌာန၊ ဆေးဘက်ဆိုင်ရာ၊ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပူးပေါင်းဆောင်ရွက်ရမည်များကို ဆွေးနွေးတင်ပြကြပြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူက အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပခြင်း အကြောင်းအားရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အားကစားနည်း အလိုက် ပြိုင်ပွဲများ ကျင်းပမည့်ရက်နှင့်အချိန်များ သတ်မှတ်တင်ပြကြပြီး ပြိုင်ပွဲများပြီးဆုံးသွားက Olympic Day-2018 စာတန်းပါနောက်ခံဆိုင်းဘုတ်နှင့်တွဲ၍ မှတ်တမ်းတင်ဓါတ်ပုံများ အချိန်မီ သက်ဆိုင်ရာသို့ ပေးပို့နိုင်ရန် ဆွေးနွေးတင်ပြကြကာ ကျောင်းအုပ်ကြီး ဦးစိုးအောင်မှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

၂ဝ၁၈-ခုနှစ် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်း ဂိတ်အမှတ်(၉)ရှေ့တွင် ဇွန်လ(၁၇)ရက်နေ့ စနေနေ့ နံနက်(၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7