spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ပါဝင်ဆင်နွှဲ

၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ပါဝင်ဆင်နွှဲ

ရန်ကုန်၊ ဇွန်လ(  ၁၇  )ရက်။      

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို နှစ်စဉ်နှစ်တိုင်း  ဇွန်လ(၂၃)ရက်နေ့တွင်ကျရောက်ပြီး အိုလံပစ်နေ့ကို ဂုဏ်ပြု တဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှာ အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပြီး ဂုဏ်ပြုကြတဲ့ အစဉ်အလာအရ မြန်မာနိုင်ငံ၌လည်း အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းကာ အားကစားပြိုင်ပွဲများ၊ စုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားသရုပ်ပြသခြင်းများဖြင့် စည်ကားစွာကျင်းပပြုလုပ်ခဲ့ပါသည်။

အိုလံပစ်ပွဲတော်ကို နှစ်ပေါင်း(၇ဝဝ)ကျော်လောက်က ဂရိနိုင်ငံ၊ အိုလံပီယာတောင်ခြေ ၌ သဘာဝဘေးအန္တရယ်ကြားထဲကနေ ကျင်းပခဲ့ပြီး ဘီစီ (၇၇၆) က ဂရိနိုင်ငံမှာ အားကစားနည်း (၅)မျိုးနှင့် အိုလံပစ်ပွဲကို လူမျိုးဘာသာမခွဲခြားဘဲ ကျင်းပခဲ့ပါသည်။ အိုလံပစ်ပွဲကျင်းပနေချိန် အတွင်းမှာ စစ်ဖြစ်နေရင်တောင် စစ်ပွဲရပ်စဲပြီး  ကျင်းပခဲ့ရာမှ စတင်ပြီး အေဒီ(၃ဝဝ)နောက်ပိုင်း မှာ ရှေးခေတ်အိုလံပစ်ပျက်သုန်းပျောက်ကွယ်ကာ နိဂုံးချုပ်ခဲ့ပါသည်။ ၁၈၉၄ခုနှစ်၊ဇွန်လ(၂၃) ရက်နေ့မှ စတင်ကာ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းပြီး ၄င်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၆)နာရီက ရန်ကုန်မြို့၊အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်းဂိတ်အမှတ်(၉)၌ ကျင်းပပြုလုပ်ခဲ့သည့် ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် နေ့အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ပါဝင်ဆင်နွှဲခဲ့သည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထာသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ အားကစားမောင်/မယ်များ၊ အားကစားနည်းပြဆရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံခြေလျင်တောင်တက် အဖွဲ့ဝင်များ၊ ရန်ကုန်ပညာရေးကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ ပြည်သူများစုစုပေါင်း အင်အား (၂ဝဝဝ)ကျော်ခန့် စုပေါင်းလမ်းလျှောက်ပွဲသို့ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော  စုပေါင်းလမ်းလျှောက်ပွဲကို ကျိုက္ကဆံဂိတ်အမှတ် (၉)ရှေ့၌ စတင်တာလွှတ်ရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးပြီး စုပေါင်းလမ်းလျှောက်ပွဲကို စတင်ကာ အနောက်မြင်းပြိုင်ကွင်းမှ တဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်းတလျှောက် လမ်းလျှောက်ကာ တောင်မြင်းပြိုင်ကွင်းလမ်းရှိ ဂိတ်အမှတ်(၆)မှ ကျိုက္ကဆံကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက် ပန်းဝင်ကြပြီး အလှူရှင်များမှ အင်အားဖြည့် အချိုရည်နှင့် ရေသန့်များတိုက်ကျွေးခဲ့ပါသည်။

မြန်မာနိုင်ငံရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များမှ သတ်မှတ်ထားသော အားကစား ကွင်း/အားကစားရုံများ၌ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် မေလ(၂၇)ရက် နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ  အားကစားနည်း (၃၄)မျိုးကျင်းပ ပြုလုပ်လျက်ရှိပါကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7