နေပြည်တော်၊ ဇွန်(၂၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်များ ရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေလိုကြောင်း၊ ရေကူးအားကစားဟာ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သော အားကစားနည်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် တစ်ဦးတည်း ဆုတံဆိပ်များစွာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အနေနဲ့ (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် ၂ဝ၁၆ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Princess Chulahorn Championship 2016 ပြိုင်ပွဲများတွင် ရွှေ ၊ငွေ ၊ကြေးဆုတံဆိပ်များ ရရှိခဲ့ကြောင်း၊ ယနေ့ပြိုင်ပွဲ ကိုဝင်ရောက်ယှဉ်ပြိုင်သော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အားကစားသမားများအနေဖြင့် မိမိတို့၏အရည်အချင်း များကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေး အတွက် ဇွဲ၊ စိတ်ဓါတ်အပြည့်နှင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ရေကူးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးချုပ်များနှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသား မီတာ (၄ဝဝ) အလွတ်ကူးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသား(၆၄)ဦး၊ အမျိုးသမီး(၄၄)ဦး၊ အားကစားသမား စုစုပေါင်း(၁ဝ၈)ဦးတို့သည် ဇွန်လ(၂၁)ရက်မှ ဇွန်လ(၂၂) ရက်အထိ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နေ့စဉ် နံနက်(၉:ဝဝ)နာရီအချိန်မှစ၍ မီတာ(၄ဝဝ) ကျား/မအလွတ်ကူးပြိုင်ပွဲ၊ မီတာ(၂ဝဝ) ကျား/မ တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲ၊ လိပ်ပြာကူးပြိုင်ပွဲ၊ ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ) ကျား/မ ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁ဝဝx၄) လွန်းပျံအလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ) ကျား/မ လိပ်ပြာကူးပြိုင်ပွဲ၊ ရင်ဘောင်တန်းကူး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် ရေကူး အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။