spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိဏ်းကြီးတက်ရောက် အမှာစကားပြောကြား

၂ဝ၁၈ခုနှစ်၊ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိဏ်းကြီးတက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင်လ(၁ဝ)ရက်။     

၂ဝ၁၈ခုနှစ်၊ နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိဏ်းကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်းများ/အမှုထမ်းများ တက်ရောက် ကြည့်ရှု အားပေးခဲ့ပါသည်။   

ရှေးဦးစွာ  ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း နေရာယူပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိဏ်းကြီးမှ အဖွင့်အမှာစကားပြောကြားရာ နေပြည်တော်၊ ဝန်ကြီး ဌာနပေါင်းစုံ(အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအရ National Fitness တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ဖြစ်စေရန်၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာနှင့် မိမိတို့တာဝန်များကို ပိုမိုထမ်းဆောင်နိုင်စေရန် ရည်ရွယ်ကြောင်း၊ မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ အောင်နိုင်ရေး စီမံချက်များ ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှလည်း အင်တိုက်အားတိုက် ဆောင်ရွက်နေပါကြောင်း၊ လူထုဘောလုံးအားကစားမှသည် ထူးချွန်သောဘောလုံးအားကစားသမားများအဖြစ် ကူးပြောင်းသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝန်ထမ်းများအဆင့် လူထုဘောလုံးအားကစားပြိုင်ပွဲ ဖြစ်လာကြောင်း၊ ဝန်ထမ်းများ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့်ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားသွားရန် တိုက်တွန်း လိုပါကြောင်း၊ ဒိုင်များမှလည်း ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးသွားဖို့လိုကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာနှင့် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အသန့်ရှင်းဆုံးယှဉ်ပြိုင်ကစားစေလိုကြောင်း၊ အရည်အချင်း ထက်မြက်သောဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ၂ဝ၁၈ခုနှစ်၊ ဒဿမအကြိမ် နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပါသည်။

ဖွင့်ပွဲအပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအသင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအသင်း မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို (၁ဝ)ဂိုး၊ (ဝ)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ ပြိုင်ပွဲများကို (၁ဝ.၇.၂ဝ၁၈) ရက်နေ့မှ (၂ဝ.၇.၂ဝ၁၈) ရက်နေ့အထိ  ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃) တို့တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ် ပါသည်။ (၁၁.၇.၂ဝ၁၈) ရက်နေ့ နံနက် (၇)နာရီခွဲ ပွဲစဉ်အဖြစ် အုပ်စု(ခ)မှ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအသင်း တို့သည် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ လည်းကောင်း၊ ညနေပိုင်း (၃:ဝဝ)နာရီပွဲစဉ်များအဖြစ် အုပ်စု(ဂ)မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လည်းကောင်း၊ အုပ်စု(ဃ)မှ နေပြည်တော် စည်ပင်သာယာရေးကော်မတီအသင်းနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်းသိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2