နေပြည်တော်၊ ဇူလိုင် (၁၃)ရက်။
၂ဝ၁၈ ခုနှစ်၊ နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပပြုလုပ်လျက်ရှိရာ နံနက်(၇)နာရီခွဲ အချိန်တွင်ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အုပ်စု(က) ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အသင်း (၃) ဂိုး (၂) ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ အုပ်စု(ခ) ပညာရေး ဝန်ကြီးဌာနအသင်းမှ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းကို(၂) ဂိုး (၁) ဂိုးဖြင့် လည်းကောင်း ၊ ညနေ (၃) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အုပ်စု(ဂ)စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းမှ ပြန်ကြားရေးဝန်ကြီးဌာနအသင်း ကို (၁) ဂိုး (ဝ) ဂိုးဖြင့်လည်းကောင်း ၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ် (၃)၌ အုပ်စု(ဃ) ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အသင်းကို (၈) ဂိုး (ဝ) ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
(၁၄.၇.၂ဝ၁၈) ရက်နေ့ ပွဲစဉ်များအဖြစ် နံနက်ပိုင်း(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အုပ်စု(က)မှ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း ၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ် (၃)၌ အုပ်စု(ခ)မှ ပညာရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း တို့သည်လည်းကောင်း ၊ ညနေ (၃) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အုပ်စု(ဂ) ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း တို့သည်လည်းကောင်း ၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ် (၃)၌ အုပ်စု(ဃ) ပြည်ထဲရေးဝန်ကြီးဌာနအသင်း နှင့် နေပြည်တော်စည်ပင်အသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။