spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲ စတင်ကျင်းပ၊ ဒုတိယဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲ စတင်ကျင်းပ၊ ဒုတိယဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင်လ(၁၆)ရက်။          

နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒို အားကစားပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(ဃ)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရန်နှင့် ကရာတေးဒိုအားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် ကရာတေးဒိုအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကရာတေးဒိုအားကစားနည်းသည် ဂျပန်လူမျိုးတို့၏ ကိုယ်ခံပညာကစားနည်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် မိမိနိုင်ငံအတွက် ဆုတံဆိပ်များစွာ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် ကရာတေးဒိုအဖွဲ့ချုပ်၏ ဆောင်ပုဒ်ဖြစ်သော ''လေ့ကျင့်ကြိုးစား ကိုယ်ကျင့်တရား ကရာတေးဒိုရဲ့အခြေခံများ'' ဆိုသည့်အတိုင်း အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲ၏ အနိုင်၊ အရှုံးကို ဆုံးဖြတ်ရာတွင် စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် ရယူတာမဟုတ်ဘဲ အချိန်တိုအတွင်းမှာပင် မျက်မြင်ဖြင့် ဆုံးဖြတ်ရတာ ဖြစ်သည့်အတွက် ဒိုင်လူကြီးများ၏ အဆုံးအဖြတ်သည် သမာသမတ်ကျပြီး မျှတသောဆုံးဖြတ်မှုဖြစ်မှသာ ပြိုင်ပွဲ၏အနှစ်သာရကို ဖော်ထုတ်ပြသရာရောက်မှာ ဖြစ်သည့်အတွက် အဖက်ဖက်မှ စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့ပါသည်။

ယင်းနောက်  ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဌဒေါက်တာဝင်းဇော်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက်  ကရာတေးဒိုကစားနည်း သရုပ်ပြသမှုများနှင့် ကရာတေးဒို အားကစားပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီးခတပွဲစဉ်များ ယှဉ်ပြိုင်ကစား ကြပုံများကို ကြည့်ရှု အားပေးခဲ့ကြပါသည်။  

အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း/အသင်းလိုက်ခတပွဲစဉ်များ၊ အမျိုးသားကုမိတဲ့ (-၅၅) ကီလိုတန်း၊ (-၆ဝ) ကီလိုတန်း၊ (-၆၇)ကီလိုတန်း၊ (-၇၅)ကီလိုတန်း၊  (+၇၅)ကီလိုတန်း ပြိုင်ပွဲများ၊ အမျိုးသမီးကုမိတဲ့   (-၅ဝ) ကီလိုတန်း၊ (-၅၅)ကီလိုတန်း၊ (-၆၁)ကီလိုတန်း၊ (+၆၁)ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသား၊ အမျိုးသမီး အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အသင်း(၁၂)သင်း မှ အားကစားသမားစုစုပေါင်း(၁၂၃)ဦးဖြင့် ဇူလိုင်လ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ (C)ရုံတွင် နံနက် (၉)နာရီမှ စတင်ပြီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့်မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု နိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A