နေပြည်တော်၊ ဇူလိုင်(၂ဝ)ရက်။
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားမည့် အားကစားနည်း(၈)နည်းမှ အားကစားအဖွဲ့ချုပ်များအား တွေ့ဆုံမှာကြားခြင်း အစည်းအဝေးကို ယနေ့ နံနက်(၁ဝ)နာရီ အချိန်၌ နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနည်းများမှ အဖွဲ့ချုပ်ဥက္ကဌများနှင့် ဒုတိယဥက္ကဌ များတက်ရောက် ကြပါသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အားကစားအဖွဲ့ချုပ်(၄ဝ)ကျော်ရှိသည့်အနက် အားကစားနည်း(၈)နည်းဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အတွက် နောင်ပြိုင်ပွဲများတွင် ယခုအားကစားနည်းများထက် ပိုမိုယှဉ်ပြိုင်နိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် အဖွဲ့ချုပ်များအနေဖြင့် ဆုရရှိမှုအခြေအနေ၊ အဆင့်မျှော်မှန်းချက်အခြေအနေ၊ လူရွေးချယ်ထားရှိမှုအခြေအနေနှင့် စခန်းသွင်းလေ့ကျင့်မှု အခြေအနေများအား တင်ပြသွားရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌဦးကျော်ဦးမှ ဆွေးနွေးရာတွင် ယခု(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲက မိမိတို့ မြားပစ်အသင်းအနေဖြင့် ASEAN University Games နှင့် 30th SEA Games တို့တွင် အောင်မြင်မှုများရရှိစေရန်အတွက် အတွေ့အကြုံများ ရရှိစေရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါကြောင်း၊ ကိုရီးယားနည်းပြ မစ္စတာယွန်းမှ (၂) ပတ်လျှင် (၁)ကြိမ် ဆန်းစစ်ပြိုင်ပွဲများ ပြုလုပ်၍ စိစစ်ရွေးချယ်ထားသော အမှတ်အကောင်းဆုံး ရရှိသော အားကစားသမား (၈)ဦးဖြင့် Regue နှင့် Compound ပြိုင်ပွဲအမျိုးအစား(၂)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးသီဟဇော်မှ ဆွေးနွေးရာတွင် ပြီးခဲ့သည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှဆုရ အားကစားသမားများနှင့် မျိုးဆက်သစ် အားကစားသမားများကို စိစစ်ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြစ်ပါကြောင်း၊ (၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲသို့ ဆန်းဆိုအားကစားနည်းမှ အမျိုးသား(၂)ဦး၊ ထောက်လုအားကစားနည်းမှ အမျိုးသား(၆)ဦး အမျိုးသမီး(၃)ဦး စုစုပေါင်း အားကစားသမား (၁၁)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂)ရက်နေ့မှစ၍ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ဆုတံဆိပ်များရရှိရန် မျှော်မှန်းထားပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းမှ တင်ပြဆွေးနွေးရာ မိမိတို့အနေဖြင့် မတ်လ(၂၂)မှစ၍ အားကစားနည်း(၁ဝ)မျိုးကို အားကစားသမား(၈)ဦးဖြင့့််စခန်းသွင်း လေ့ကျင့်ခဲ့ပြီး (၁၈)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို အားကစားနည်း ပစ်ခတ်စဉ်(၅)မျိုးဖြင့် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၆)ဦးဖြင့် အတွေ့အကြုံ ကောင်းများရစေရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ အားကစားနည်း အနေဖြင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက်လည်း ယခုနှစ် သြဂုတ်လတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများမှ မျိုးဆက်သစ်လူငယ် အားကစားသမားများအား ရွေးချယ်ပြီး အားကစားသမား(၅ဝ)ခန့်ဖြင့် စခန်းသွင်းလေ့ကျင့်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးမှ တင်ပြဆွေးနွေးရာတွင် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာလှေလှော်မှ အမျိုးသား(၁ဝ)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း(၁၅)ဦးဖြင့်လည်းကောင်း၊ ရိုးရာလှေလှော်မှ အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း(၃၂)ဦးဖြင့်လည်းကောင်း၊ ကနူးကယက်တွင် အမျိုးသား(၅)ဦးဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုတံဆိပ်ရရှိရန် မျှော်မှန်းထားပြီး ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာမှ ဆွေးနွေးတင်ပြရာ (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလမှစ၍ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး အတိုက်နှင့် ကကွက်ပြိုင်ပွဲများတွင် အားကစားသမား(၆)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိရန် မျှော်မှန်းထားခြင်းမရှိသော်လည်း အဆင့်သတ်မှတ်ချက် ကောင်းရရှိရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် နည်းပြ/နည်းစနစ်မှူး ဦးကျော်မင်းစိုး မှ ဆွေးနွေး တင်ပြရာ (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား(၄)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲများတွင် အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၂၆)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုတံဆိပ်များရရှိရန် မျှော်မှန်းထားပါကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် နည်းပြချုပ်ဦးကျော်စွာဝင်းမှ ဆွေးနွေးရာ (၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကို နိုဝင်ဘာလမှစ၍ အားကစားသမား(၁၅)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်ခဲ့ပါကြောင်း၊ အာရှပြိုင်ပွဲ ဖြစ်သည့်အတွက် ဆုတံဆိပ်ရရှိရန် မျှော်မှန်းမထားပါကြောင်း၊ မိမိတို့၏ အားကစားအဖွဲ့များအနေဖြင့် ASEAN University Games နှင့် 30th SEA Games ပြိုင်ပွဲတို့တွင် အတွေ့အကြုံများရစေရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် (၁၈)ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်ကြသည့် အားကစားနည်း(၈)မျိုးမှ အားကစားသမားအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာအားကစားနည်းအလိုက် ပြိုင်ပွဲနှင့်ပတ်သက်သော နည်းစနစ်အတွေ့အကြုံကောင်းများကို သေချာလေ့လာမှတ်သားပြီး မျိုးဆက်သစ်အားကစားသမားများကို ပြန်လည်မျှဝေနိုင်ရန် သေချာလေ့လာကြိုးစားခဲ့ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ယှဉ်ပြိုင်လေ့ကျင့် စရိတ်များကို နိုင်ငံတော် နှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ကုန်ကျစရိတ်များကျခံကာ သွားရောက်ယှဉ်ပြိုင်ရသည့်အတွက် အားကစားနည်းများအလိုက် အတွေ့အကြုံကောင်းများရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် (၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များအနေဖြင့် ကျန်းမာရေးကို အဓိကထားဂရုပြုစေလိုပါကြောင်း၊ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာအဖွဲ့ချုပ်များနှင့် တာဝန်ရှိသူများထံသို့ အချိန်နှင့်တပြေးညီပေးပို့ တင်ပြဆောင်ရွက်သွားစေလိုကြောင်း၊ သက်ဆိုင်ရာ အဖွဲ့ချုပ်များကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ASEAN University Games နှင့် 30th SEA Games တွင် အဆင့်ကောင်းရရှိရန်နှင့် ဆုတံဆိပ်များ ရရှိရန်အတွက် ယခုပြိုင်ပွဲမှ အားကစားနှင့်ပတ်သက်သော နည်းစနစ်/နည်းပညာများနှင့် ပြိုင်ပွဲအတွေ့အကြုံကောင်းများရရှိရန် အထူးကြိုးစားလေ့လာခဲ့ကြစေလိုကြောင်း၊ ပြိုင်ပွဲပြီးပြန်လာပါက ပြိုင်ပွဲယှဉ်ပြိုင်မှုပြီးစီးကြောင်းအစီရင်ခံစာနှင့် ဆက်လက်ပြီး မိမိအားကစားနည်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အစီရင်ခံစာအုပ်(၂)အုပ်စီ ထားရှိပြီး(၁)အုပ်အား စာကြည့်တိုက်တွင် ထိန်းသိမ်းထားဖို့ လိုအပ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။