spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများစတင်ကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများစတင်ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၂၄)ရက်။                  

နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး HE Mr.Lee Shang Hwa ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊  အမျိုးသားလွှတ်တော် ကျန်းမာရေး ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်ကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းသည် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုစသော လူ့ကျင့်ဝတ် သိက္ခာများ တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်သည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် ASEAN Championship ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုဆုတံဆိပ်များကို  ရယူပေးနိုင်သော အားကစားနည်းဖြစ်သည့်အတွက်  ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင် ကစားကြပြီး နိုင်ငံတော်မှ အားထားရသော နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ထူးချွန်သော အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြပါဟု တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာကိုရီးယား သံအမတ်ကြီး HE Mr.Lee Shang Hwa  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊  အမျိုးသားလွှတ်တော်၊ ကျန်းမာရေး အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက် ကြပြီးနောက် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ၏ ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ကစားကြပုံများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်မှအသင်း(၁၄)သင်းဖြင့် အမျိုးသား (၈၁)ဦး၊ အမျိုးသမီး (၅၉) ဦး၊ စုစုပေါင်း အားကစားသမား(၁၄ဝ)ဦးတို့သည် (၂၄.၇.၂ဝ၁၈)ရက်နေ့မှ (၂၆.၇.၂ဝ၁၈) ရက်နေ့ ထိ နေ့စဉ်နံနက် (၉းဝဝ) နာရီမှ စတင်ကာ  ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B)တွင် (-၅၄) ကီလိုပင်းဝိတ်တန်း(ကျား)၊ (-၄၆)ကီလိုပင်းဝိတ်တန်း(မ)၊ (၅၈-၆၃) ကီလိုဘင်တန် ဝိတ်တန်း (ကျား)၊ (၄၉-၅၃) ကီလိုဘင်တန်ဝိတ်တန်း(မ)၊ (၆၈-၇၄)ကီလိုလိုက်ဝိတ်တန်း(ကျား)၊ (၅၇-၆၂) ကီလိုလိုက်ဝိတ်တန်း(မ)၊ (+၈၇)ကီလိုဟဲဗီးဝိတ်တန်း(ကျား)၊ (-၆၈) ကီလိုဖယ်သာဝိတ်တန်း (ကျား)၊ (-၅၇)ကီလိုဖယ်သာဝိတ်တန်း(မ)ပြိုင်ပွဲ၊ တစ်ဦးချင်းကကွက် (ကျား/မ) ပြိုင်ပွဲနှင့် အဖွဲ့လိုက်ကကွက် (ကျား/မ) ပြိုင်ပွဲများကို  ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်သဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7