spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမှာစကားပြောကြားဖွင့်လှစ်

၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမှာစကားပြောကြားဖွင့်လှစ်

နေပြည်တော်၊ဇူလိုင်လ(၃ဝ)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာ စကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အာရှဘောလီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ Mr.Shantrit နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်နှင့် တာဝန်ရှိသူများ၊  အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကိုအိမ်ရှင်နိုင်ငံအဖြစ်ဒုတိယအကြိမ် လက်ခံကျင်းပ ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဤကဲ့သို့ အဆင့်အတန်းမြင့်မားသော ဘော်လီဘောပြိုင်ပွဲမှ တဆင့် အခြေခံကျောင်းများ၊ တက္ကသိုလ်များရှိ အားကစားကို ချစ်မြတ်နိုးသော လူငယ်လူရွယ်များအကြားတွင် ဘော်လီဘောအားကစားနည်းကို စိတ်ဝင်စားမှုများ ပိုမိုတိုးပွားလာပြီး အားကစားလေ့ကျင့်ယှဉ်ပြိုင်လိုသည့် စိတ်ဓါတ်များ ပိုမိုရှင်သန် များပြားလာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အားကစားကိုချစ်မြတ်နိုးပြီး လေ့ကျင့်ကစားခြင်းများမှတဆင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုလည်း အထောက်အကူများစွာပြုစေမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများနှင့် အသင်းသားများ မြန်မာနိုင်ငံတွင် နေထိုင်ယှဉ်ပြိုင်စဉ်ကာလ တစ်ခုလုံးတွင် အခက်အခဲမရှိဘဲ အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဤပြိုင်ပွဲမှ တဆင့် ပြိုင်ပွဲဝင်အသင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိရုံသာမက ပြိုင်ပွဲဝင်နိုင်ငံအချင်းချင်းကြားတွင်လည်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုတိုးတက်ရရှိလာမည်ဟု ယုံကြည်ပါကြောင်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။       

ဆက်လက်၍ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်မှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

ထို့နောက် အာရှဘောလီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ Mr.Shantrit မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့အား ပြိုင်ပွဲကျင်းပမှု အထိမ်းအမှတ် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အဖြစ် အုပ်စု(ဃ)မှ မြန်မာနိုင်ငံ Asian world club ဘော်လီဘောအသင်းနှင့် တာကစ်မင်နစ္စတန်နိုင်ငံမှ club အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံအသင်းမှ တာကစ်မင်နစ္စတန်အသင်းကို (၂၅-၁၆) (၂၅-၂၃) (၂၁-၂၅) (၂၅-၂၁) မှတ်ဖြင့် အနိုင်ရရှိသွားပါသည်။

အဆိုပါ ပြိုင်ပွဲသည် အာရှအဆင့်ကလပ်အသင်း ချန်ပီယံပြိုင်ပွဲဖြစ်ပြီး ပါဝင်သည့် နိုင်ငံများမှာ မြန်မာ၊ သြစတေးလျ၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ အီရန်၊ ဂျပန်၊ ကာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်း၊ တာကစ်မင်နစ္စတန်၊ ဗီယက်နမ် တို့မှ နိုင်ငံအလိုက် ချန်ပီယံအသင်းများပါဝင်ပြီး (၃ဝ.၇.၂ဝ၁၈)ရက်နေ့မှ (၆.၈.၂ဝ၁၈)ရက်နေ့ အထိ နံနက် (၁၁:ဝဝ) မှစ၍၊ (၁၃:၃ဝ)၊ (၁၆:ဝဝ)၊ (၁၈:၃ဝ)နာရီများအထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) နှင့် (C) ရုံများ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%80%E1%80%9C%E1%80%95%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC-2018-asian-mens-club-volleyball-championship