spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစတင်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစတင်ကျင်းပ

နေပြည်တော်၊ သြဂုတ်လ(၈)ရက်။        

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီမှအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ  ဖူဆယ်အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး ယခုတိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှ တဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပိုမိုအောင်မြင်မှု ရရှိစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖူဆယ်အားကစားနည်းများ ပြန့်ပွားလာစေလိုကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ထက်မြက်သော သွေးသစ် ဖူဆယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းဟာ အခြားအားကစားနည်းတွေလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျပဲ သွက်လက်ဖျတ်လက်မှု၊ ခံနိုင်ရည်နှင့် သက်လုံ ကောင်းမွန်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်တို့ကို အဓိကထားရသည့် အားကစားနည်း ဖြစ်ပါကြောင်း၊ လျင်မြန်ဖျတ်လက်မှု လိုအပ်သည့်အတွက် လူငယ်များနှင့် အလွန်လိုက်ဖက်ညီသည့် အားကစား နည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနှင့် ဖူဆယ်အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေဖို့ အဖွဲ့ချုပ်များမှတာဝန်ရှိသူများနှင့် အားကစားသမားများက ဝိုင်းဝန်း ကြိုးစားအားထုတ်ပြီး ဆုတံဆိပ်များစွာ ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအနေဖြင့် မိမိတို့၏ပင်ကိုယ်စွမ်းရည် အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြု သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးပဲ ဇွဲ ၊ စိတ်ဓါတ်အပြည့်ဖြင့် သန့်ရှင်းစွာယှဉ်ပြိုင် ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်ကြီးကြပ်သည့် ဒိုင် လူကြီးများအနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း တရားမျှတ စွာ ဆုံးဖြတ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ်အားကစားသမား ကောင်းများဖြစ်လာအောင် ကြိုးစား သွားကြဖို့  တိုက်တွန်းမှာကြားကာ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်း များအား  လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသားဖူဆယ် ပြိုင်ပွဲအဖြစ် မန္တလေးတိုင်း ဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်ရှိ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၈)သင်းတို့မှ အားကစားသမား စုစုပေါင်း (၂၇၂)ဦးသည် (၈.၈.၂ဝ၁၈) ရက်နေ့မှ (၁၇.၈.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ ဖူဆယ်ပြိုင်ပွဲရုံတွင် နေ့စဉ်နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95