spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နိုင်ငံတကာဖိတ်ခေါ်အသက်(၄ဝ)နှစ်နှင့်အထက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတကာဖိတ်ခေါ်အသက်(၄ဝ)နှစ်နှင့်အထက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ သြဂုတ်လ(၁၆)ရက်။             

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့မှ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နိုင်ငံတကာဖိတ်ခေါ်အသက်(၄ဝ)နှစ်နှင့်အထက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပခြင်းဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိသော အဆင့်အတန်းကိုမြင်တွေ့စေရန်၊ အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများအကြား ဘတ်စကက်ဘော အားကစားနည်း ချစ်မြတ်နိုးသူများ ပိုမိုရင်းနှီးချစ်ခင်မှုဖြစ်စေရန်၊ ဘတ်စကက်ဘော အားကစားနည်း တိုးတက်ပြန့်ပွားရေးအတွက် အတွေ့အကြုံများဖလှယ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာဖိတ်ခေါ် အသက်(၄ဝ)နှစ်နှင့် အထက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသက်(၄ဝ)နှစ်နှင့် (၅ဝ)နှစ်နှင့်အထက် အမျိုးသားပြိုင်ပွဲများကို အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင်လည်းကောင်း၊ အသက်(၅ဝ)နှစ်နှင့်အထက် အမျိုးသမီးပြိုင်ပွဲနှင့်အသက် (၆ဝ)နှစ်နှင့်အထက် အမျိုးသားပြိုင်ပွဲကို အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားရုံ၌ လည်းကောင်း ရန်ကုန်မြို့တွင် နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်သွားမည့်ပြိုင်ပွဲကို စက်တင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ ရန်ကုန်မြို့တွင်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁ဝ)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်၊ တွဲဘက်အတွင်းရေးမှူး ဒေါ်ဥမ္မာအောင်နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ အမှုဆောင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် Asia Basketball Veteran International Tournament မှ နှစ်စဉ်ဦးစီးကျင်းပသော နိုင်ငံတကာဖိတ်ခေါ် အသက်(၄ဝ)နှစ်နှင့်အထက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို မြန်မာနိုင်ငံမှ အပျော်တမ်း ဘတ်စကက်ဘောအဖွဲ့သည် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး၊  ယခုအကြိမ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အနေဖြင့် လက်ခံကျင်းပရန် အလှည့်ကျရောက်သည့် အတွက်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား ၊ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ မကာအို စုစုပေါင်း ပြိုင်ပွဲဝင်နိုင်ငံ (၈)နိုင်ငံမှ အားကစားအဖွဲ့ဝင် (၃ဝဝ)ဦးခန့် ပါဝင်မည် ဖြစ်ပါသည်။ ဘတ်စကက်ဘော ပြိုင်ပွဲများတွင် လာရောက်တာဝန် ထမ်းဆောင်မည့် ပြိုင်ပွဲကြီးကြပ်  (Control Committee ) အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ဒိုင်/ဂျူရီများနှင့်ပြိုင်ပွဲဝင်အသင်း များကို Myanmar Sports Hotel  နှင့် Sky Star Hotel  တို့တွင် တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေး စီစဉ်သွားမည်ဖြစ်ပါကြောင်း၊  လုံခြုံရေးအပိုင်းအနေဖြင့် ဒိုင်/ဂျူရီများ၊ အားကစား သမားများတည်းခိုမည့် ဟိုတယ်၊ အားကစားလေ့ကျင့်စဉ်နှင့် ပြိုင်ပွဲကျင်းပနေစဉ် ကာလအတွင်း တည်းခိုရာနေရာ၊ လေ့ကျင့်ရာ/ပြိုင်ပွဲကျင်းပရာ နေရာနှင့် လမ်းခရီးတို့ကိုပါထည့်သွင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကျင်းပသည့်ရက်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ရှေ့ပြေးဆိုင်ကယ်များဖြင့် သွားလာနိုင်ရေးကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စီစဉ်ပေးစေလိုပါကြောင်း၊ ဆက်သွယ်ရေးအပိုင်း အနေဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ အချိန်နှင့်တပြေးညီ အလွယ်တကူ ပြောဆိုဆက်သွယ်နိုင်ရန် ပြိုင်ပွဲများ ကျင်းပမည့် အောင်ဆန်းအားကစားပြိုင်ပွဲ၊ မိုးလုံလေလုံ အားကစားရုံနှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတို့တွင် WiFi ဖွင့်လှစ်ထားပေးနိုင်ရေးနှင့် SIM Card များရောင်းချပေးနိုင်ရေးကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီစဉ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲနှင့်ပက်သက်၍ ပြည်သူလူထုမှ ကြိုတင်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ TV ထုတ်လွှင့်ပြသနိုင်ရေး၊ ပြိုင်ပွဲအား သင့်လျော်မည့် အစီအစဉ်ဖြင့် ရိုက်ကူးထုတ်လွှင့်နိုင်ရေးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ပြိုင်ပွဲဆိုင်ရာ သတင်းပါရှိရေး စီစဉ်ဆောင်ရွက် ပေးစေ လိုပါကြောင်း၊ ပြိုင်ပွဲကျင်းပနေစဉ် ကာလအတွင်း လျှပ်စစ်မီးမပြတ်တောက်ရေးအတွက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊  ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်/ဂျူရီများရောက်ရှိသည့်အခါ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Visa On  Arrival ရရှိရေးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် ပြည်ဝင်ခွင့်ဗီဇာရရှိရေးကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်းကောင်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲတွင်လာရောက်တာဝန် ထမ်းဆောင်မည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြိုင်ပွဲဝင်အသင်းများနှင့် အတူပါရှိလာမည့် ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆင်ပြေစွာထုတ်ယူနိုင်ရေးကို အကောက်ခွန်ဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးစေ လိုပါကြောင်း၊ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်မည့် ယာဉ်အမျိုးအစားနှင့် အရေအတွက်ကို အဖွဲ့ချုပ်မှ တင်ပြပေးစေလိုကြောင်း၊ မော်တော်ယာဉ် ရရှိရေးအတွက် ဝန်ကြီးရုံးမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကာလအတွင်းလိုအပ်မည့် စက်သုံးဆီအား ဦးစီးဌာနမှ လျှောက်ထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်ပမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားအဖွဲ့ဝင်များ Sightseen များ သွားရောက်လိုပါက အဖွဲ့ချုပ်က ကြိုတင်ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့်ပြိုင်ပွဲအား အောင်မြင်စွာ လက်ခံကျင်းနိုင်ခြင်းသည် နိုင်ငံတော်၏ ပုံရိပ်ဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က ပြိုင်ပွဲကျင်းပရေး ဆိုင်ရာများရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%84%E1%80%9D%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%91%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%80%E1%80%80%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%85%E1%80%BD%E1%80%AC