spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018) တွင် မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်

(၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018) တွင် မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်

နေပြည်တော်၊ သြဂုတ်လ(၁၉)ရက်။     

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အားကစားနည်း(၈)မျိုး ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့တွင် အားကစားပြိုင်ပွဲများကို ယနေ့စတင်ကျင်းပရာ  မြန်မာအားကစားအဖွဲ့များ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ရှေးဦးစွာ ယနေ့နံနက်(၉)နာရီအချိန်တွင် ဂျာကာတာမြို့၌ ကျင်းပလျက်ရှိသော တိုက်ကွမ်ဒို တစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် အိမ်ရှင်အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံမှ ဆန်းရှိုင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံမှ ဆန်းရှိုင်း(၇.၉၃)မှတ်နှင့် အင်ဒိုနီးရှားကို (၈.၃၃)ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ ဝှူရှူးအားကစားရုံ၌ နံနက်(၉)နာရီတွင် စတင်ကျင်းပရာ ဝှူရှူးထောက်လု ချန်းချွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ထက်ဟန်ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာ (၈.၉၄)မှတ်ရရှိ၍ အဆင့်(၁၃)ဖြင့် လည်းကောင်း၊ အမျိုးသမီး ထိုက်ချိချွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြတ်နိုးအိမ် ဆက်လက်ယှဉ်ပြိုင်ကစားရာ (၉.၄၈)မှတ်ရရှိ၍ အဆင့်(၁၁)ဖြင့်လည်းကောင်း၊ အမျိုးသမီးနန်းချွမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အေးသစ္စာမြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားကြရာ (၉.၃၄)မှတ်ရရှိ၍အဆင့်(၁ဝ)သာ အသီးသီးရရှိခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ပလန်ဘန်မြို့တွင်ကျင်းပလျက်ရှိသော သေနတ်ပစ်ပြိုင်ပွဲတွင် 10M Air Pistol Mixed Team ပြိုင်ပွဲတွင် မြန်မာမှ ရဲထွန်းနောင်နှင့် မေမိုးဝါတို့အတွဲဝင်ရောက်ယှဉ်ပြိုင်ရာ (၇၅၂)မှတ်ဖြင့် အဆင့်(၁၃) သာ ရရှိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မီတာ(၂ဝဝဝ) အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ လက်ရည်စစ်အဆင့်အောင်မြင်ခဲ့ပါသည်။

ပိုက်ကျော်ခြင်းအမျိုးသမီး(၃)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် နံနက်ပိုင်းပွဲစဉ်အဖြစ် မြန်မာ အမျိုးသမီးအသင်းနှင့် အိမ်ရှင်အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှ (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ညနေပိုင်းတွင်  ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြရာ ဗီယက်နမ်အသင်းမှ(၂)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-18th-asian-games-2018-%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8