spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများစတင်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများစတင်ကျင်းပ

နေပြည်တော်၊ သြဂုတ်လ(၂၁)ရက်။      

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီမှအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ ဘတ်စကက်ဘောအားကစားနည်း အဆင့်အတန်း တိုးတက် မြင့်မားလာစေရန်၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်၊ အားကစား သမားများအချင်းချင်း ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန်နှင့် ဘတ်စကတ်ဘောအားကစားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဘတ်စကတ်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ရဲ့ကျွမ်းကျင်မှု အရည်အသွေးများနဲ့ကြိုးပမ်းယှဉ်ပြိုင်ပြီး ထူးချွန်သော အားကစားသမားများ ဖြစ်လာအောင်ပြိုင်ပွဲတွင်အနိုင်မခံအရှုံးမပေးဘဲ အားကစား စိတ်ဓါတ်အပြည့်အဝနှင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကိုကြီးကြပ်မည့် ဒိုင်လူကြီးများမှလည်း ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ တရားမျှတစွာနှင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘော ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား  လိုက်လံနှုတ်ဆက်ကြပြီးနောက် ဘတ်စကက်ဘော အမျိုးသားပြိုင်ပွဲအဖြစ် ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၉)သင်းတို့မှ အမျိုးသားအား ကစားသမား(၁၄၄)ဦး၊ အမျိုးသမီးအားကစားသမား(၉၉)ဦး၊ အားကစားသမား စုစုပေါင်းအင်အား (၂၄၃)ဦးသည် (၂၁.၈.၂ဝ၁၈) ရက်နေ့မှ (၂၇.၈.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစား ပြိုင်ပွဲရုံ(B) တွင် နေ့စဉ်နံနက်(၈:ဝဝ)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%80%E1%80%80%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2