နေပြည်တော်၊ သြဂုတ်လ(၂၄)ရက်။
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့ရှိ အားကစားရုံ၊ အားကစားကွင်း အသီးသီး၌ ယနေ့ ဆဌမနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။
ရှေးဦးစွာ ဂျာကာတာမြို့ရှိ ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ ဂျပန်အသင်း ကို ရမှတ် (၂၁-၂၅) (၂၅-၁၇) (၁၉-၂၅) (၂၅-၂၁) (၁၇-၁၉) (၃)ပွဲ (၂)ပွဲ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ကွာတားဖိုင်နယ်သို့ တက်ရောက် သွားခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍ မြားပစ်ကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသော မြားပစ် (Recurve Mixed tream) ပြိုင်ပွဲ (၃၂)ဦးအဆင့်တွင် မြန်မာနိုင်ငံက ထိုက်လင်းဦးနှင့် သီတာနွယ်အတွဲမှ ဘူတန်နိုင်ငံမှ ကစားသမားအတွဲအား (၅:၁)ဖြင့် အနိုင်ရရှိခဲ့ပြီး (၁၆)ဦးအဆင့်သို့ရောက်ရှိကာ (၁၆)ဦးအဆင့်တွင် တရုတ်ကစားသမားအတွဲ အား(၅:၁)ဖြင့် အရေးနိမ့်ခဲ့ပါသည်။ ဆက်လက်၍ (Compound Mixed tream) (၁၆)ဦးအဆင့်တွင် မြန်မာနိုင်ငံက ဇင်သူရိန်မှူးနှင့် စုစုလှိုင်အတွဲမှ တရုတ်(တိုင်ပေ) အသင်းအား(၁၄၈:၁၅၆)မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ Jakabaring Shooting Range တွင်ကျင်းပသည့် အမျိုးသမီး (၁ဝ)မီတာ လေပစ္စတို ပြိုင်ပွဲတွင် မြန်မာမှ မေပိုးဝါ ယှဉ်ပြိုင်ရာတွင် ရမှတ်(၅၆ဝ)မှတ်ဖြင့် နိုင်ငံပေါင်း (၄၃) နိုင်ငံတွင် အဆင့် (၂၂) ဖြင့် သာကျေနပ်ခဲ့ရသည်။
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing တွင်ကျင်းပသည့် အမျိုးသမီး လေးယောက်တွဲ မီတာ(၂ဝဝဝ) အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံက နီလာဝင်းအတွဲမှ စံချိန်(၇မိနစ်၃၃.၁၇စက္ကန့်) ဖြင့် (၆) နိုင်ငံယှဉ်ပြိုင်ရာတွင် အဆင့်(၅) ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် မြန်မာအားကစားအသင်းများ တည်းခိုနေထိုင်လျက်ရှိသော Jakabaring Village အတွင်းရှိ Tower -9 တွင် မြန်မာ့လက်ရွေးစင်ရိုးရာလှေလှော်အသင်းမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး Dining Hall သို့သွား ရောက်ကာ အားကစားသမားများ စားသောက်မှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် အမျိုးသမီး(၃)ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သော မြန်မာအသင်းအား ဂုဏ်ပြုဆုငွေများချီးမြှင့် ခဲ့ကြောင်း သိရပါသည်။