နေပြည်တော်၊ သြဂုတ်လ(၂၉)ရက်။
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing တွင်ကျင်းပပြုလုပ်ရာ အမျိုးသားကယက် လေးယောက်တွဲ မီတာ(၅ဝဝ) ပြိုင်ပွဲတွင် (၁ဝ) နိုင်ငံယှဉ်ပြိုင်ရာ မြန်မာနိုင်ငံမှ စံချိန် (၁မိနစ်၄၁.၆၂၈စက္ကန့်) ဖြင့် နောက်ဆုံးမှပန်းဝင်ခဲ့ပြီး ညနေ ၄နာရီအချိန်တွင် ဒုတိယအုပ်စုအဆင့် ဆက်လက်ယှဉ်ပြိုင်ရာ အဆင့်(၁ဝ) သာရရှိခဲ့ပါသည်။
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ JSC Roneu Stadium အားကစားရုံ၌ အမျိုးသမီး (၄) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယနေ့ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်အင်ဒိုနီးရှားအသင်း တို့ယှဉ်ပြိုင်ရာ မြန်မာအသင်း မှ အိမ်ရှင်အင်ဒိုနီးရှားအသင်းကို (၂)ပွဲ ပြတ်ဖြင့် ရှုံးနိမ့်ခဲ့၍လည်းကောင်း၊ ညနေ (၄း၃ဝ) နာရီအချိန်တွင် ကိုရီးယားအသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ရာတွင် မြန််မာအသင်းမှ ကိုရီးယားအသင်းကို (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာအမျိုးသမီး (၄) ယောက်တွဲ ပိုက်ကျော်ခြင်းအသင်းသည် (၃)ပွဲကစား (၁)ပွဲနိုင် (၂)ပွဲ ရှုံးနိမ့်ခဲ့ကာ အုပ်စုတတိယသာရရှိခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်းသတင်းရရှိပါသည်။

(၃ဝ.၈.၂ဝ၁၈)ရက်နေ့ပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက်(၁ဝ)နာရီအချိန်တွင် အမျိုးသား (၄) ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်း တို့သည် လည်းကောင်း၊ ဒေသစံတော်ချိန် နေ့လည်(၂) နာရီ အချိန်တွင် မြန်မာအသင်းနှင့် တရုတ်အသင်းတို့သည် လည်းကောင်း၊ ဘော်လီဘောအဆင့်(၁၁-၁၂) သတ်မှတ်ချက် ပြိုင်ပွဲအဖြစ် ဒေသစံတော်ချိန် နေ့လည်(၁၂း၃ဝ) နာရီတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့သည် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။