နေပြည်တော်၊ သြဂုတ်လ(၃ဝ)ရက်။
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ပလန်ဘန်းမြို့ရှိ JSC Roneu Stadium အားကစားရုံ၌ အမျိုးသား (၄) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ရာ မြန်မာအသင်း မှ ဂျပန်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့် ရှုံးနိမ့်ခဲ့၍လည်းကောင်း၊ ဒေသစံတော်ချိန် နေ့လည် (၂) နာရီအချိန်တွင် တရုတ်အသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ရာတွင် မြန််မာအသင်းမှ တရုတ် အသင်းကို (၂) ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။
ရှေးဦးစွာ ဂျာကာတာမြို့ရှိ ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် အမျိုးသားဘော်လီဘော အဆင့် (၁၁-၁၂) သတ်မှတ်ချက်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ အိန္ဒိယအသင်းကို ရမှတ် (၂၅-၂၁) (၁၈-၂၅) (၂၇-၂၅) (၁၅-၂၅) (၁၅-၁၃) (၃)ပွဲ (၂)ပွဲ ဖြင့် အနိုင်ရရှိခဲ့ ပါသည်။ ဘော်လီဘောပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂ဝ) ပါဝင်ယှဉ်ပြိုင်ရာ မြန်မာဘော်လီဘောအသင်းသည် အဆင့်(၁၁) ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။
(၃၁.၈.၂ဝ၁၈)ရက်နေ့ပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက်(၁ဝ)နာရီအချိန်တွင် အမျိုးသား (၄) ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်အင်ဒိုနီးရှား အသင်း တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။