spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ(၆)ရက်။
 
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ၊နည်းပြများနှင့် အားကစား သမားများတက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစားကို အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာရပ်တည်နိုင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်သည်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကို စိတ်ဝင်စားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ ဘောလုံးအားကစားသမား များအချင်းချင်း သွေးစည်းညီညွှတ်မှုစိတ်ဓါတ်နှင့် ထူးချွန် ထက်မြက်တဲ့ လူငယ်သွေးသစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး သက်တမ်းအလိုက် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ရွေးချယ်ခံရသော သွေးသစ်လူငယ်တွေဟာ နောင်တစ်ချိန်မှာ မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက ရွေးချယ် လေ့ကျင့်ကာ နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်တဲ့အထိ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သော ဘောလုံး အားကစားသမားများ ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမား လူငယ်အပေါင်းတို့ဟာ မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ရဲ့ဂုဏ်ကို မြှင့်တင်ပြီး အားကစားသမားစိတ်ဓါတ် အပြည့်အဝဖြင့် သန့်ရှင်းစွာယှဉ်ပြိုင်သွားကြပါလို့ တိုက်တွန်း မှာကြားရင်း ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
ထို့နောက်  အားကစားနှင့်ကာယပညာဦးစီးဌာန ညွွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အားကစားသမားများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ရခိုင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
 
 
 
ဆက်လက်၍  ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း(၁)နှင့်(၃)တို့တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အသင်း(၁၅)သင်း၊ အားကစားသမား(၂၆၉)ဦးတို့သည် (၆.၉.၂ဝ၁၈) ရက်နေ့ မှ(၂ဝ.၉.၂ဝ၁၈)ရက်နေ့အထိ် အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2