spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' (Exercise is Medicine)Healthy Myanmar အားကစားလှုပ်ရှားမှု အခမ်းအနားကျင်းပ

''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' (Exercise is Medicine)Healthy Myanmar အားကစားလှုပ်ရှားမှု အခမ်းအနားကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ကျင်းပသော''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' (Exercise is Medicine) Healthy Myanmar အားကစားလှုပ်ရှားမှု အခမ်းအနားကို ယနေ့ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ  မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း ၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' "Healthy Myanmar" "Exercise/ Physical Activity is Medicine"  အားကစားလှုပ်ရှားမှုအခမ်းအနား သည် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ အဓိကလှုံ့ဆော်စည်းရုံး ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာကြောင်း၊ ယခုလိုလှုပ်ရှားမှုများကို မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ဦးစွာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၈ခုနှစ်တွင် လှုပ်ရှားမှုအနေဖြင့် စတင်နိုင်ခဲ့ပါကြောင်း၊ ယခုအခမ်းအနားတွင် ပါဝင်လှုပ်ရှားသူများအနေဖြင့် မိမိ၏ မိသားစုဝင်များနှင့် မိတ်ဆွေများကို ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန် စည်းရုံးလှုံ့ဆော်ပေးကြစေလိုကြောင်း၊ အားကစားကို အချိန်ရရင် ရသလို ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းအားဖြင့် နှလုံးနှင့် သွေးကြော၊ အရိုး၊ ကြွက်သား၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဇီဝကမ္မဗေဒဆိုင်ရာများအတွက် အလွန်အကျိုးရှိပြီး သွေးတိုးဆီးချို ကင်ဆာရောဂါ စိတ်ဓါတ်ကျရောဂါ မှတ်ဉာဏ်လျော့နည်းစေသော အယ်လ်ဇိုင်းမားရောဂါများ စသည်တို့ကို ကာကွယ်နိုင်ကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းကြောင့် ရောဂါဖြစ်ပွားမှုနှင့် လူနာများနည်းပါးပြီး မိသားစုနှင့် နိုင်ငံတော်အတွက် ကုန်ကျစရိတ်များ နည်းပါးသွားမည်ဖြစ်ကြောင်း၊ ငယ်စဉ် ကျောင်းသား/ကျောင်းသူ အရွယ်မှစ၍ ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ပါက ပိုမိုအကျိုးရှိ ထိရောက်မည်ဖြစ်၍ မိမိ၏ သား/သမီးများ တူ/တူမများကို အားကစားပြုလုပ်ရန် တိုက်တွန်းမှာကြားပေးစေလိုကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းအားဖြင့် တစ်မျိုးသားလုံးကျန်းမာကြံခိုင်မှုကို ရရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ အားကစားလုပ်ငန်းများကို အမျိုးသမီးထု လှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ အမျိုးသမီးထု၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်စသောရည်ရွယ်ချက်များသည် အလွန်ကောင်းမွန်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဖွဲ့ချုပ်အားတတ်နိုင်သမျှဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
 
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' (Exercise is Medicine)Healthy Myanmar အားကစားလှုပ်ရှားမှု အကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း ၊အမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များသည် စုပေါင်းကိုယ်လှုပ်အားကစားလှုပ်ရှားမှုများဖြစ်သော Myanmar Fitness Dance လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြပါသည်။
 
 
 
အားကစားလှုပ်ရှားမှုများအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လာရောက် သရုပ်ပြသင်ကြားသော Balance သရုပ်ပြအဖွဲ့များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%B8-exercise-medicinehealthy-myanmar-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF