ရန်ကုန်၊စက်တင်ဘာလ(၁၆)ရက်။
၂ဝ၁၈ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဖလား မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာလ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ ပြေးခုန်ပစ်ပြိုင်ကွင်း၌ ယမန်နေ့နှင့် ယနေ့နံနက်(၇)နာရီခွဲမှ (၁၂)နာရီ(၄၅)မိနစ်အချိန်ထိ ကျင်းပရာအမျိုးသား/အမျိုးသမီးလမ်းလျှောက်မီတာ ၅ဝဝဝ၊ အမျိုးသား/အမျိုးသမီးအပြေး မီတာ ၁ဝဝ ၊ မီတာ၂ဝဝ ၊ မီတာ၄ဝဝ၊ မီတာ၈ဝဝ၊ မီတာ ၁၅ဝဝ၊ မီတာ ၃ဝဝဝ နှင့်အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်းအပြေး မီတာ(၁ဝဝ x၄)၊ အမျိုးသား/အမျိုးသမီးလက်ဆင့်ကမ်းအပြေး မီတာ (၄ဝဝx၄) ၊ အမျိုးသား/အမျိုးသမီး လှံတံပစ်၊ အမျိုးသား/အမျိုးသမီး အလျားခုန်၊ အမျိုးသား/အမျိုးသမီး သံလုံးပစ်၊ အမျိုးသား/ အမျိုးသမီးသံပြားပစ်၊ အမျိုးသား/အမျိုးသမီးအမြင့်ခုန်၊ အမျိုးသား/အမျိုးသမီးသုံးဆင့်ခုန်၊ စသည့်ပြိုင်ပွဲများကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်ခရိုင်မြို့နယ်မှအရာရှိများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များတို့ကပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသောကျောင်းသား/ကျောင်းသူများအား ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။