နေပြည်တော်၊ စက်တင်ဘာလ(၂ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည်(၁)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များ လက်ဝှေ့အားကစားနည်းကို ပိုမို စိတ်ပါဝင်စားလာစေရန်၊ နိုင်ငံအတွင်း လက်ဝှေ့ အားကစားကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်ဓါတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံံ့ကိုယ်စားပြု သွေးသစ်လက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်မည့် ဒိုင်လူကြီးများမှလည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြသော အားကစားသမားများမှ အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လိုက်နာပြီး အသန့်ရှင်းဆုံး ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့်တင်းပေးနိုင်သော မျိုးဆက်သစ်လူငယ်လက်ဝှေ့ အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အမျိုးသမီး (၅၇)ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသား (၄၆)ကီလိုတန်း၊ (၄၉) ကီလိုတန်း၊ (၅၂) ကီလိုတန်း၊ (၅၆) ကီလိုတန်း၊ (၆ဝ) ကီလိုတန်း၊ (၆၄) ကီလိုတန်း၊ (၆၉) ကီလိုတန်း၊ (၇၅) ကီလိုတန်း၊ (၈၁) ကီလိုတန်း၊ အမျိုးသမီး(၄၅) ကီလိုတန်း၊ (၄၈) ကီလိုတန်း၊ (၅၁) ကီလိုတန်း၊ (၅၄) ကီလိုတန်း၊ (၅၇) ကီလိုတန်း၊ (၆ဝ) ကီလိုတန်းပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသား(၁၄)သင်း၊ အမျိုးသမီး(၁၂)သင်း အားကစားသမား(၁၇၃)ဦး ဖြင့် (၂ဝ.၉.၂ဝ၁၈) ရက်နေ့ မှ (၂၈.၉.၂ဝ၁၈) ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် နေ့စဉ် နေ့လည်(၁)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။