ရန်ကုန်၊ စက်တင်ဘာလ(၂၁ )ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် မြန်မာ့စားပွဲတင်တင်းနစ် အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ပထမဆုံးရွေးချယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် အလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂ဝ) ရက်နေ့ ညနေ (၃) နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်၌ကျင်းပရာ အလုပ်အမှုဆောင်များ ရွေးချယ် တင်မြေ§ာက်ရေး ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့်အဖွဲ့ဝင်(၄)ဦး၊ အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးခင်ဆိုင် ၊ အထက်တန်းရှေ့နေ ဥပဒေအကြံပေး ဒေါ်ချိုချိုဦးနှင့်အဖွဲ့ဝင် ဦးတင်စွမ်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော် ၊ ဒုတိယဥက္ကဌ နှင့်အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ စားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်က အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်က ရှေ့လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ပွဲကို မဲနှိုက်ရွေးချယ်ရာတွင် မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်၊ ဒုတိယဥက္ကဌ (၁)ဒေါ်မာလာဝင်း၊ ဒုတိယဥက္ကဌ(၂)ဦးစိုးနိုင်၊ ဒုတိယဥက္ကဌ(၃)ဦးဇော်မြင့်၊ အတွင်းရေးမှူး ဦးအောင်ခိုင်နှင့် တွဲဘက်အတွင်းရေးမှူး ဦးထွန်းဝင်းနှင့်အတူ အလုပ်အမှုဆောင် စုစုပေါင်း(၂၇)ဦး တို့အား စက်တင်ဘာလ(၂ဝ)ရက်တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ရွေးချယ်တင်မြောက်ခံရသော ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် အလုပ်အမှုဆောင်များက ရွေးကောက်ပွဲကော်မရှင်၏ ရှေ့မှောက်တင် ကတိသစ္စာပြုရွတ်ဆိုခဲ့ကြကြောင်း သိရှိရသည်။