နေပြည်တော်၊ စက်တင်ဘာ(၂၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ၂ဝ၁၈ခုနှစ် အားကစားနည်းဆိုင်ရာသုတေသန သင်တန်း/ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းဆိုင်ရာသုတေသနသင်တန်းဆရာ/ဆရာမများ၊ ဆေးသုတေသနဦးစီးဌာနနှင့် ဆေးဘက်ဌာနခွဲမှ ကျွမ်းကျင်ပညာရှင်များ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဦးဆောင်ဆွေးနွေးမည့်သူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ စီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဝန်ထမ်းများအားလုံး သုတေသနလုပ်ငန်းဆိုင်ရာများ နားလည်သဘောပေါက်လာစေရန်နှင့် လက်တွေ့ပိုင်းဆိုင်ရာ သုတေသနပြု ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် ရည်ရွယ်ပါကြောင်း၊ ဝန်ထမ်းများမှ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာဆန်းသစ်ပြောင်းလဲမှု၊ ပတ်ဝန်းကျင်ပြောင်းလဲမှု၊ ပြီးပြည့်စုံသည့် ပုံဖော်မှုဖြစ်လာ စေရန် လေ့လာစူးစမ်းခြင်း၊ မေးခွန်းများမေးခြင်း၊ စာပေလေ့လာခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ အချက်အလက် စုဆောင်းခြင်း၊ ကောက်ချက်ချခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး တွေ့ရှိချက်များအပေါ် ဝေဖန်သုံးသပ် အကြံပြုချက်များ ပေါ်ထွက်လာစေရေးအတွက် သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူတိုင်းစိတ်ဝင်စားပြီး သိရှိနားလည်သဘောပေါက်စေရန်အတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားသုတေသန သင်တန်း/ဆွေးနွေးပွဲ Seminar ကြီးက ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို ရယူပြီး သုတေသနလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများကို ကျင့်သုံးကာ အားကစားစီမံကိန်းနှင့် သုတေသန လုပ်ငန်းတာဝန်ကြီး (၉)ရက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ မှာကြားရင်း ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်အား အားကစားနည်းဆိုင်ရာ သုတေသနလုပ်ငန်း၊ သင်တန်း ဆရာများနှင့် ဦးဆောင်ဆွေးနွေးမည့်သူများမှ မိတ်ဆက်ဂါရဝပြုကြပါသည်။ ဆက်လက်၍ တာဝန်ရှိသူများမှ သင်တန်းဆရာများ၊ ဦးဆောင်ဆွေးနွေးမည့်သူများအား အမှတ်တရ လက်ဆောင်များပစ္စည်းကို အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် အာဟာရမုန့်များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ၂ဝ၁၈ခုနှစ် အားကစားနည်းဆိုင်ရာသုတေသန သင်တန်း/ဆွေးနွေးပွဲ တွင် သင်တန်းသား၊ သင်တန်းသူ(၆ဝ)ဦးတက်ရောက်သင်ကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။