နေပြည်တော်၊ အောက်တိုဘာလ(၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂ဝ၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်း သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူး များ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များ၊ ရှေ့ဆက်ရမည့်လုပ်ငန်းများအား အခန်းကဏ္ဏအသီးသီးအလိုက် တင်ပြပေးပါရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေနှင့် တတ်နိုင်သမျှ ပံ့ပိုးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်း/ခရိုင်/မြို့နယ်အသီးသီးရှိ ဝန်ထမ်းများမှ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ကြိုးကြိုးစားစားဆောင်ရွက်နေကြသော်လည်း ရာထူးအဆင့် အလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်ထားရှိပြီး တစ်ပြေးညီ သတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် အားကစားကွင်း/ရုံများ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းမှု ဖြစ်ပေါ်လာမှုများကို အချိန်မီ ထိန်းသိမ်းပြုပြင် ဆောင်ရွက်မှု အားနည်းနေပြီး အဆင့်ဆင့်သို့ အမြန်ဆုံး တင်ပြကာ ပြုပြင်ထိန်းသိမ်းပါက ပျက်စီးမှု သက်သာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘဏ္ဏာရေးဆိုင်ရာကိစ္စရပ်များကို အဂတိမှု ကင်းရှင်းစွာဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ၏ ယုံကြည်မှုကို ရရှိရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း တတ်နိုင်သမျှ ဘဏ္ဏာရေး ငွေကြေးအရှုပ်ရှင်းမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသအတွင်းရှိ တက္ကသိုလ်ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ပေါင်းစပ်ကာ အားကစား အသိပညာပေး ဆောင်ရွက်မှုဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ပြီး ယခုထက်ပိုုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသအတွင်းရှိ အားကစားလုပ်ငန်း ဆောင်ရွက်မှုများကို ပြည်သူများသိရှိနိုင်အောင် သတင်းစာများ၌ ထည့်သွင်းဖော်ပြပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊အားကစားပြိုင်ပွဲများ/အားကစားလှုပ်ရှားများကို တိတိကျကျ စီမံကိန်းရေးဆွဲပြီး ပြုလုပ်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဒေသတွင်းရှိ အားကစားကွင်း/ရုံများကို ပြည်သူများ လာရောက်စုပေါင်းကာ အားကစားလုပ်ငန်းများပြုလုပ်နိုင်ရေး အထူးကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအနေနှင့် ယခုထက်ပိုမို အောင်မြင်ရန်အတွက် မည်သို့ကြိုးစားကြရမည်ကို တင်ပြကြစေလိုကြောင်း၊ လေ့ကျင့်ရေး အထောက်အကူပစ္စည်းများအား အမျိုးအစားယခုထက် ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံများကို ထိန်းသိမ်းဆောင်ရွက်ပြီး ကျောင်းသားများအား နည်းစနစ်မှန်ကန်စွာ သင်ကြားပြသနိုင်ရေးနှင့် အခြားလိုအပ်ချက်များအား တင်ပြပေးရန်နှင့် အားလုံးပူးပေါင်း ဆောင်ရွက်သွားကာ လုပ်ငန်းများ လျင်မြန်စွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂ဝ၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ဆောင်ရွက်ခဲ့သည့် အားကစားဆိုင်ရာ လုပ်ငန်းများ၊ ဘဏ္ဏာရေးဆိုင်ရာလုပ်ငန်းများ၊ ကြီးမှူးကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများနှင့် ကျင်းပရန်လျာထားကျန်ရှိသော အားကစားပြိုင်ပွဲများ၊ ကျင်းပပြီးစီးသည့် ပြိုင်ပွဲများ၏ အားသာချက်/အားနည်းချက်များနှင့် လုပ်ငန်သုံးသပ်ချက်များကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများမှ (၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ သိပ္ပံကျောင်းများတွင် လူရွေးချယ်မှုစနစ်များ၊ ပြန်လည်ပြုပြင်ရန် ကိစ္စရပ်များ၊ နည်းပြများအတွက် အဆင့်မြင့် နည်းပြမွမ်းမံသင်တန်း ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ၊ မုံရွာနှင့် လွိုင်ကော်မြို့နယ်ရှိ သိပ္ပံကျောင်းများ၌ ပညာသင်ကြားရေးဆိုင်ရာ ဖွဲ့စည်းပုံမှ အတည်ပြု ရရှိနိုင်ရေးကိစ္စရပ်များ၊ ပညာရေးအောင်ချက်မြင့်မားတိုးတက်မှု ကိစ္စရပ်များကို အသီးသီး တင်ပြကြ ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ဖြည့်စွက်ပြောကြားရာတွင် ရန်ကုန်နှင့် မန္တလေးသိပ္ပံကျောင်းများမှအပ ကျန်ကျောင်းများအား အားကစားနှင့်ကာယ ပညာအထက်တန်း ကျောင်းကို အားကစားဒီပလိုမာကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးကိစ္စများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းသားများအား ပညာရေး၊ အားကစား လေ့ကျင့်ရေးအပြင် အားကစားအသက်မွေးဝမ်းကျောင်းပညာအဖြစ် အားကစားနည်း(၂၁)နည်း တတ်မြောက် နားလည်သော ဘာသာရပ်တစ်ခုဖြစ်အောင် သင်ကြားပို့ချနိုင်ရန်နှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ အားကစားဒီပလိုမာလက်မှတ် ချီးမြှင့်ပေးနိုင်ရေးကိစ္စရပ်များ၊ ရရှိသော ဒီပလိုမာလက်မှတ်ဖြင့် ဝန်ကြီးဌာနအသီးသီး၌ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေးကိစ္စရပ်များ၊ ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်ရမည့် အခြားကိစ္စရပ်အသီးသီးတို့အား ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းအစည်းအဝေးအစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တိုင်းတာဝန်ခံညွှန်ကြားရေးမှူးများမှ ၂ဝ၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာအတွင်း ဆောင်ရွက်ခဲ့ကြသော အားကစားဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဏာရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပ မှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေနှင့် ဆုရရှိခဲ့မှုအခြေအနေများ၊ ဒေသတွင်းအားကစားကွင်း/ရုံများ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံများ၌ လူထုအားကစားလှုပ်ရှားမှု ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ အားကစား ကွင်း/ရုံများမြေဂရမ်ရရှိမှုဆိုင်ရာကိစ္စရပ်များ၊ Outdoor Fitness များ တပ်ဆင်ပြီးစီးမှု အခြေအနေများစသည့်တို့ကို အသီးသီးတင်ပြဆွေးနွေးကြပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ ဖြည့်စွက်ဆွေးနွေးရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝန်ထမ်းတိုးချဲ့ ခန့်အပ်ရန် ကိစ္စရပ်များ၊ မြေဂရမ်ရရှိရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ Outdoor Fitness ထပ်မံတိုးချဲ့တပ်ဆင်ရန်ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်း/ခရိုင်/မြို့နယ်များနှင့် ဗဟိုဆင့်ပြိုင်ပွဲများ အားကစားပြက္ခဒိန် ရေးဆွဲမှုကိစ္စရပ်များ၊ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် အသက်မှန်ကန်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ TSDP ပြိုင်ပွဲကျင်းပရေးကိစ္စရပ်များ၊ မြို့နယ်များတွင် အားကစားပြိုင်ပွဲများအောင်မြင်အောင် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အားကစားကလပ်များ အမှန်တကယ်အောင်မြင်မှုရရှိနိုင်အောင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးပါသည်။

ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ ဝန်ကြီးဌာနနှင့်ပတ်သက်သော လိုအပ်ချက်များ၊ ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယဝန်ကြီး တို့မှ အသီးသီး ဖြည့်စွက်ဆွေးနွေးခဲ့ ကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။