spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် အာရှလူငယ့် U-15နှင့် U-17 တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့တက်ရောက်အမှာစကားပြောကြား

၂ဝ၁၈ခုနှစ် အာရှလူငယ့် U-15နှင့် U-17 တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာလ(၃)ရက်။

မန္တလေးမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် အာရှလူငယ့် U-15နှင့် U-17 တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၃ဝ)နာရီအချိန်တွင် မန္တလေးမြို့၊ မန္တလာသီရိ(ဘတ်စုံသုံး) မိုးလုံလေလုံအားကစားရုံ၌ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့တက်ရောက်အမှာစကားပြောကြားကြပါသည်။

အဆိုပါပြိုင်ပွဲသို့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာရှကြက်တောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ နည်းပြ/အုပ်ချုပ်သူများ၊ အားကစားသမားများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြပါသည်။

 

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အာရှလူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခြင်းအတွက် မန္တလေးမြို့ပြည်သူလူထုကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးမြို့သည်မြန်မာဘုရင်နန်းစိုက်ရာ သမိုင်းဝင်မြို့တော်ဟောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထွန်းကားရာ မြို့တော်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံတကာမှအားကစားသမားများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရင်း မန္တလေးမြို့၏အထင်ကရနေရာများအား လိုက်လံကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် လူအင်အား၊ ငွေအင်အား၊ အချိန်များစွာရင်းနှီးအသုံးပြုပြီး ကြိုးစားဆောင်ရွက်ထားသလို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အာရှကြက်တောင်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့နှင့်ဌာနဆိုင်ရာအားလုံး ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ထားရှိပါကြောင်း၊ မန္တလေးမြို့၌ ယခုပြိုင်ပွဲကိုလက်ခံကျင်းပခွင့်ပေးသော အာရှကြက်တောင်အဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ကိုအထူးကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်မျိုးဆက်သစ် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရေးအတွက် ယခုလိုပြိုင်ပွဲများ လက်ခံကျင်းပရခြင်းသည်အထောက်အကူတစ်ခုဖြစ်ပါကြောင်း၊  ပြိုင်ပွဲကိုအောင်မြင်စွာလက်ခံကျင်းပခြင်းဖြင့် နိုင်ငံတော်၏အေးချမ်းသာယာကောင်းမွန်မှုကို အလုပ်ဖြင့်သက်သေပြနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားဖြင့်မိမိနိုင်ငံ၊ မိမိမြို့ဂုဏ်ကိုဆောင်နိုင်ကာအားကစားလူငယ်မျိုးဆက်သစ်များထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။

 

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရခြင်းသည် ဒုတိယအကြိမ်ဖြစ်ပါကြောင်း၊ ပထမအကြိမ်အဖြစ် ၂ဝ၁၇ ခုနှစ်က ရန်ကုန်မြို့တွင်လက်ခံကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲလက်ခံကျင်းပရခြင်းသည် ကြက်တောင်အားကစားနည်းတွင် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကြက်တောင်အားကစားနည်းသည် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရုံသာမက သက်လုံကောင်းမွန်ခြင်း၊ စိတ်ဓါတ်ခိုင်မာခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိစေပါကြောင်း၊ ယခုပြိုင်ပွဲကိုတက်ရောက်ပြီး ကူညီပံ့ပိုးလက်ခံကျင်းပပေးပါသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်အားလုံးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကိုလာရောက်ကျင်းပပေးပါသော အာရှအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ ပါဝင်ယှဉ်ပြိုင်ကြသော အုပ်ချုပ်/နည်းပြနှင့်အားကစားသမားများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံတကာမှ ပြိုင်ပွဲဝင်အားကစားသမားများသည် ဆုတံဆိပ်ရရှိရန်ဆိုသည့်ရည်ရွယ်ချက်သာမက ပါဝင်ယှဉ်ပြိုင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိတ်ဆွေကောင်း မိတ်ဆွေသစ်များ ရရှိပြီး အာရှဒေသတွင်း နိုင်ငံအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးမှုကိုရရှိစေသည်ဟူသော အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိနိုင်ငံအတွက် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြရင်း သမိုင်းဝင် မန္တလေးမြို့၏ ယဉ်ကျေးမှုအမွေအနှစ်များကိုလေ့လာကာ အိမ်ရှင်တို့၏ ဧည့်ဝတ်ကျေပွန်ရင်းနှီးပျူငှာမှုများသိရှိပြီး အတွေ့အကြုံကောင်းများရယူသွားကြစေလိုကြောင်း၊ ယခုကဲ့သို့အာရှဒေသတွင်းရှိ လူငယ်များစုစည်းပြီး စည်းလုံးချစ်ကြည်ရင်းနှီးစွာယှဉ်ပြိုင်ခြင်းသည် အနာဂတ်တွင်ကောင်းမွန်သောရလဒ်အသီးအပွင့်ကိုခံစားရမည်မှာသေချာပါကြောင်း၊ ယခုပြိုင်ပွဲမှလူငယ်ချန်ပီယံအသစ်များ ပေါ်ထွက်လာပြီး တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှုရရှိမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ယခုပြိုင်ပွဲတွင်အာရှဒေသတွင်းနိုင်ငံများဖြစ်ကြသော မြန်မာ၊ အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ထိုင်း၊ မကာအို၊ ဘင်္ဂလားဒေ့ချ်၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ကိုရီးယား၊ မလေးရှား၊ သီရိလင်္ကာနှင့် တရုတ်(တိုင်ပေ) (၁၇)နိုင်ငံမှအားကစားသမား အင်အား (၃၅ဝ) ကျော်အုပ်ချုပ်သူ/နည်းပြ (၈ဝ)ကျော်တို့သည် အောက်တိုဘာလ (၃)ရက်နေ့မှ  (၇)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%B7-u-15%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-u-17-%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-0