နေပြည်တော်၊အောက်တိုဘာလ(၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင်ကြရာ (၁)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ကယားပြည်နယ်အသင်းကို (၄)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ် အသင်းကို(၃)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(၈.၁ဝ.၂ဝ၁၈)ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် နံနက်(၇:၃ဝ)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရခိုင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။