နေပြည်တော်၊ အောက်တိုဘာလ( ၁၈ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ် ဒီဇင်ဘာလတိုင်း ကျင်းပလျက်ရှိရာ အဆိုပါ စုပေါင်းအားကစားလှုပ်ရှားမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်များပြားစေရေးရန်၊ ပြည်သူလူထုအနေဖြင့် ကျန်းမာကြံ့ခိုင်ရေး၊ ရောဂါ ကြိုတင်ကာကွယ်ရေး၊ သက်တမ်းစေ့နေထိုင်ရေးတို့အတွက် ကိုယ်လက် လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်သော အလေ့အကျင့်ရှိရန်၊ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် လူအများတွင် ဖြစ်ပွားမှု အများဆုံး ဖြစ်သော မကူးစက်သောရောဂါများ ကင်းဝေးမှုကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို သိရှိစေရန်၊ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူနေမှုအဆင့်အတန်း မရွေး ကိုယ်လက် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်စေရေးအတွက် အားကစားစီမံကိန်းများချမှတ်၍ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများနှင့် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု နှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား စည်းရုံးစွဲဆောင်နိုင်ရေးအတွက် 'ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး'အသိဖြင့် ပြည်သူလူထုအကြား အားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဓါတ်ပုံ၊ ဆောင်းပါး၊ ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ပါသည်။
ဆောင်းပါးပြိုင်ပွဲအတွက် အောက်ပါခေါင်းစဉ်များနှင့် ယှဉ်ပြိုင်သွားရမည် ဖြစ်ပါသည်။
(၁) ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး
(၂) ကျန်းမာစေကြောင်း နည်းလမ်းကောင်း၊ စုပေါင်းဆင်နွှဲ လူထုလမ်းလျှောက်ပွဲ
(၃) နိုင်ငံအားကစားမြှင့်တင်ရန် လူထုအားကစားအခြေခံ
(၄) မူးယစ်ဆေးဝါးပပျောက်ရေး အားကစားနှင့် ကုစားပေး
(၅) ကျန်းမာရေးအသိ အစဉ်ရှိ၍ ဗလငါးတန် ဖွံ့ဖြိုးရေး စဉ်ဆက် မပြတ် ဆောင်ရွက်ပေး
(၆) အားကစားနှင့်ပညာရေး ပူးပေါင်းလက်တွဲ ဆောင်ရွက်ပေး
(၇) နုပျိုသက်ရှည်ကျန်းမာရေး ကိုယ်လက်လှုပ်ရှားအလေးပေး
(၈) အားကစားစိတ်ဓါတ်အကြောင်း သိကောင်းစရာ
ဆောင်းပါးပြိုင်ပွဲအတွက် Microsoft Word Software ဖြင့် Unicode Myanmar3 Font, Font Size (14) အရွယ်အစားဖြင့် A4 စာမျက်နှာ (၇)မျက်နှာထက်မနည်း၊ (၈)မျက်နှာထက်မများ၊ ဝတ္ထုတိုပြိုင်ပွဲအတွက် Microsoft Word Software ဖြင့် Unicode Myanmar3 Font, Font Size (14) အရွယ်အစားဖြင့် A4 စာမျက်နှာ (၁ဝ)မျက်နှာထက်မနည်း၊ (၁၁)မျက်နှာထက်မများ၊ ကဗျာပြိုင်ပွဲအတွက် Microsoft Word Software ဖြင့် Unicode Myanmar3 Font, Font Size (14) အရွယ်အစားဖြင့် A4 စာမျက်နှာ (၂)မျက်နှာထက်မနည်း၊ (၃)မျက်နှာထက်မများ ရေးသား ယှဉ်ပြိုင်နိုင်သည်။
ပြိုင်ပွဲဝင်ရောင်စုံဓါတ်ပုံများကို ၁ဝ''×၁၂'' အရွယ်ဖြင့် အကန့်အသက်မရှိ တင်သွင်းယှဉ်ပြိုင်နိုင်ပြီး ၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု ပေါ်လွင်စေရမည့်အပြင် ဓါတ်ပုံခေါင်းစဉ် ဖော်ပြရမည်။
အထက်ဖော်ပြပါ ဝတ္ထုတို၊ ဆောင်းပါးနှင့် ဓါတ်ပုံပြိုင်ပွဲဝင်စာမူများနှင့် ဓါတ်ပုံများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား၍ ñွှန်ကြားရေးမှူး၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၁) သို့ လိပ်မူကာ ပေးပို့ကြရန်နှင့် စာမူနှင့်အတူ လိုင်စင်ဓါတ်ပုံ (၂) ပုံ၊ ပေါ်လွင်ထင်ရှားသော နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူမှန် (၁)စောင်၊ ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက် (၁)စောင်တို့ ပါရှိရမည်ဖြစ်ပြီး အဆိုပါ အချက် အလက်များ အားလုံးထည့်သွင်းထားသည့် Soft Copy (၁)ချပ်ကိုပါ ထည့်သွင်းပေးပို့ကြပါရန် ဖြစ်သည်။
ပြိုင်ပွဲတွင် လက်ခံရရှိသော စာမူများနှင့် ဓါတ်ပုံများအနက် ဆုရရှိသည့် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲများအတွက် ပထမဆုအား ကျပ် (၈)သိန်း၊ ဒုတိယဆုအား ကျပ် (၇)သိန်း၊ တတိယဆုအား ကျပ် (၆)သိန်းနှင့် နှစ်သိမ့်ဆုအား ကျပ် (၅)သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။
ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့် ဆုရစာမူများအား နေ့စဉ်ထုတ် သတင်းစာများနှင့် အားကစားဂျာနယ်များတွင် ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ရာ စာမူပေးပို့ရန် သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော စာမူများ၊ ဓါတ်ပုံများ၊ သတ်မှတ်ထားသည့် စာရွက်စာတမ်း၊ အထောက်အထားမပြည့်စုံသော စာမူများနှင့် ဓါတ်ပုံများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ်- ဝ၆၇-၈၁ဝ၄၃၃၄၊ ဝ၆၇-၈၁ဝ၄၃၃၅၊ ဝ၉-၂ဝဝ၂၁၉၆ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။