နေပြည်တော်၊ အောက်တိုဘာလ(၂၃)ရက်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN +JAPAN အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ပြီး အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ အဖွင့်မိန့်ခွန်းပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဂျပန်နိုင်ငံ (Japan Sports Agency Specialist, International Affairs Division) မှ Mr.Kumekawa Hirokazu နှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အခမ်းအနားတက်ရောက်ကြသူများအားလုံး အာဆီယံ အလံကို အလေးပြုကြပြီး အာဆီယံကိုယ်စားလှယ်ကြီးများမှ စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယခု ဂျပန်အာဆီယံ(အားကစား)ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တွင် အစီအစဉ်များစွာ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ (Japan Sports Agency Specialist, International Affairs Division) မှ Mr.Kumekawa Hirokazu အား ဂျပန်နိုင်ငံအာဆီယံအားကစားဆိုင်ရာပြောဆိုခွင့်ရှိသူအဖြစ် ဖိတ်ခေါ်ပါကြောင်း၊ ဂျပန်နှင့် အာဆီယံအားကစားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဂျပန်အာဆီယံ ရင်းနှီးချစ်ကြည်ရေးကို ပိုမိုခိုင်မြဲလာမှာဖြစ်ပါကြောင်း၊ 2020 Tokyo Olympic ပြိုင်ပွဲနှင့် Paralympic ပြိုင်ပွဲတွင် အာဆီယံဒေသတွင်းနိုင်ငံများမှ ပြည်သူများ အထူးသဖြင့် ပိုမိုပါဝင် ယှဉ်ပြိုင်လာနိုင်မည်ဆိုပါက ဒေသတွင်းရှိ ပြည်သူများပိုမို ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝကို ပိုမိုရရှိမှာ ဖြစ်ပါကြောင်း၊ ပြည်သူများပိုမို ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံနှင့်ဂျပန်နိုင်ငံများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဂျပန်အာဆီယံနိုင်ငံကြီးများတွင် အားကစားကဏ္ဍ မူဝါဒများ၊ လမ်းညွှန်ချက်များ၊ နည်းဗျူဟာများ၊ ဆောင်ရွက်ချက်များ အပြန်အလှန် ဆွေးနွေးခြင်းများ၊ လူသားအကျိုးပြု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန် အာဆီယံနိုင်ငံများ အကြား အားကစားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ASSC ၏မူဝါဒနှင့်အညီ ၂ဝ၂၅ထိ ရည်မှန်းချက်ထား၍ ၂ဝ၁၆-၂ဝ၂ဝထိ လုပ်ငန်းစဉ်များ အသေးစိတ်ချမှတ် ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် Physical Education Teachers and Coaches လုပ်ငန်းစဉ်များ၊ အားကစားကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေး လုပ်ငန်းစဉ်များ၊ မသန်စွမ်းအားကစားတွင် နည်းစနစ်ပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များ၊ တားမြစ်ဆေးဝါး ဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် ယခင်နှစ်က ပြုလုပ်ခဲ့သော အာဆီယံ+ဂျပန်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေး (AMMS+Japan) ၏အစည်းအဝေးဆုံးဖြတ်ချက်၏ တစ်စိတ်တပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဂျပန်နိုင်ငံမှ Mr. Kumekawa Hirokazu မှ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဂျပန် အာဆီယံအားကစားဆိုင်ရာ ကဏ္ဍများပိုမို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဂျပန်နှင့် အာဆီယံ နိုင်ငံများအကြားပိုမို ချစ်ကြည် ရင်းနှီးသော အသိုင်းအဝိုင်းတစ်ခုကို ထူထောင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် အာဆီယံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပိုမိုထောက်ပံ့ကူညီရန် အဆင်သင့် ရှိပါကြောင်း၊ မကြာမီက အင်ဒိုနီးရှားနိုင်ငံ၌ 18th Asian Games အောင်မြင်စွာ ကျင်းပနိုင်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထိုပြိုင်ပွဲ ကျင်းပခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ လူနေမှုဘဝနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုမြှင့်တင်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂ဝ၁၉ခုနှစ် တွင် ဖိလစ်ပိုင်နိုင်ငံ၌ 30th SEA Games ကိုကျင်းပတော့မည်ဖြစ်ပါကြောင်း၊ ၄င်းပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂျပန်နိုင်ငံမှ တတ်စွမ်းသ၍ ကူညီသွားမည် ဖြစ်ပါကြောင်း၊ 2020 Tokyo Olympic ပြိုင်ပွဲကို အာဆီယံဒေသတွင်းရှိနိုင်ငံများ ပိုမိုပါဝင် ယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် ဂျပန်နိုင်ငံမှလည်းတတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးမှ ၂ဝ၁၆-၂ဝ၂ဝ ကာလတွင် ဂျပန်+အာဆီယံနိုင်ငံများအကြား အားကစားဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်(၄)ခုကို ဦးစီးလုပ်ငန်းများသတ်မှတ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးပေးရန်တင်ပြပါသည်။
ဆက်လက်၍ အစည်းအဝေးတွင် တက်ရောက်လာကြသော အဆင့်မြင့် အရာရှိကြီးများမှ အသီးသီးဝိုင်းဝန်းဆွေးနွေးကြပြီး ဦးစားပေးလုပ်ငန်းစဉ်အဖြစ် Physical Education Teachers and Coaches လုပ်ငန်းစဉ်များ၊ ဒုတိယဦးစားပေးအဖြစ် အမျိုးသမီးများ အားကစားကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးလုပ်ငန်းများ၊ တတိယ ဦးစားပေးအဖြစ် မသန်စွမ်း အားကစား၌ နည်းစနစ်၊ နည်းပညာထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းစဉ်များ စတုတ္ထဦးစားပေး အဖြစ် တားမြစ်ဆေးဝါးဆိုင်ရာလုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော အဆင့်မြင့်အရာရှိကြီးများအား ဂျပန်နိုင်ငံမှ ကူညီ၍ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ဂျပန်-မြန်မာ (၂)နိုင်ငံ အားကစားနည်းအလိုက် ပူးတွဲလေ့ကျင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်နိုင်ငံမှ အားကစားနည်းအလိုက် နည်းပြများ ကူညီထောက်ပံ့ရေး အထူးသဖြင့် Physical Fitness, GYM ဆိုင်ရာနည်းပြများ ရရှိရေးကိစ္စရပ်များ၊ မသန်စွမ်းအားကစားနည်းတွင် နည်းစနစ်များ ကူညီထောက်ပံ့ပေးနိုင်ရေးကိစ္စရပ်များ၊ အားကစားနည်းများအလိုက် ပူးတွဲလေ့ကျင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ဖွင့်လှစ်ထားရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ ကျောင်းသား/ ကျောင်းသူများတွင် အားကစားနည်းအလိုက် နည်းပြများလာရောက် သင်ကြားပေးနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ B.SC (Sports) ကျောင်းသား/ကျောင်းသူများတွင် အားကစားနည်း အလိုက် နည်းစနစ်အချိန်ပိုင်း လာရောက်သင်ကြားပေးနိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ အားကစားသမားနည်းပြများအား Scholarship ပေးနိုင်ရေးကိစ္စရပ်များကို တင်ပြခဲ့ပြီး တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများမှ မိမိတို့နိုင်ငံအလိုက် ဂျပန်နှင့်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့် Sports Science Institute လုပ်ငန်းကိစ္စရပ်များ၊ နိုင်ငံအလိုက် အားကစားဆိုင်ရာ သဘောတူညီချက်များ၊ ဂျပန်နိုင်ငံနှင့် MOU လက်မှတ်ရေးထိုးရေး ကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြရာ ဂျပန်နိုင်ငံမှ Mr. Kumekawa Hirokazu မှ အပြန်အလှန်ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များပူးပေါင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ နေ့လည်ပိုင်း အစည်းအဝေးအဖြစ် ဂျပန်အာဆီယံအားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များမှ အမျိုးသမီးများ အားကစားကဏ္ဍတွင် ပိုမိုလှုပ်ရှားပါဝင် ဆောင်ရွက်နိုင်ရေးခေါင်းစဉ်ဖြင့် တက်ရောက်လာကြသော ဂျပန်အာဆီယံအဆင့်မြင့်အရာရှိကြီးများက ဝိုင်းဝန်းအထူးပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။