နေပြည်တော်၊အောက်တိုဘာလ(၂၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ)ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက် ကြည့်ရှု အားပေးကြပါသည်။
ဆက်လက်၍ အမျိုးသားတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဇင်ကိုမင်း အား/ကာသိပ္ပံ(မန္တလေး)နှင့် ဇေယျာထက် အား/ကာသိပ္ပံ(ရန်ကုန်)တို့ယှဉ်ပြိုင်ကစားကြရာ ဇင်ကိုမင်း အား/ကာသိပ္ပံ(မန္တလေး)မှ အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲအပြီး ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရေကူးအားကစားပြိုင်ပွဲများအဖြစ် မီတာ(၂ဝဝ)အမျိုးသား/အမျိုးသမီး အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ)အမျိုးသား/အမျိုးသမီး လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ) အမျိုးသား/အမျိုးသမီး အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ) အမျိုးသား/ အမျိုးသမီး ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ) အမျိုးသား/အမျိုးသမီး အလွတ်ကူးပြိုင်ပွဲ နှင့် မီတာ(၅ဝဵx၄) အမျိုးသား/အမျိုးသမီး လွန်းပျံလေးမျိုးကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီးပြိုင်ပွဲတွင် ဆုရရှိသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ အား/ကာသိပ္ပံ(တောင်ကြီး)၊ ဒုတိယ အား/ကာသိပ္ပံ(မန္တလေး)၊ တတိယ အား/ကာသိပ္ပံ(မော်လမြိုင်)နှင့် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ အား/ကာသိပ္ပံ (မန္တလေး)၊ ဒုတိယ အား/ကာသိပ္ပံ(ရန်ကုန်)နှင့် တတိယ အား/ကာသိပ္ပံ(တောင်ကြီး)တို့မှ အသီးသီးရရှိခဲ့ပြီး အဆိုပါဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ စက်ဘီး၊ ဘောလုံး(မ)၊ ဘော်လီဘော၊ တိုက်ကွမ်ဒို(ကျား/မ)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားခဲ့ပါသည်။
(၂၈.၁ဝ.၂ဝ၁၈)ရက်နေ့တွင် ဘောလုံး(ကျား)၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ စက်ဘီးများကို ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများကို (၂၁.၁ဝ.၂ဝ၁၈)ရက်နေ့မှ (၃ဝ.၁ဝ.၂ဝ၁၈)ရက် နေ့အထိ နေ့စဉ် နံနက်(၇:၃ဝ) နာရီအချိန်မှစတင်ပြီး သက်ဆိုင်ရာအားကစားကွင်း/ရုံ အသီးသီးတို့၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။