ရန်ကုန်၊ အောက်တိုဘာလ(၂၇ )ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးရွေးချယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ပထမအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နေ့လည်(၂) နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ SkyStar Hotel အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့်အဖွဲ့ဝင်(၅)ဦး၊ အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်က အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ဝင်းက မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ ပြောကြားပြီး တက်ရောက်လာကြသည့် ဘတ်စကက်ဘောအဖွဲ့ချုပ်မှအဖွဲ့ဝင်များက အထွေထွေဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပထမအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နာယကအဖြစ် ဦးအောင်ဒင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) နှင့် ရွှေသံလွင်ကုမ္ပဏီနာယကကြီးမြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်နာယက အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဒေါက်တာဒေါ်နီနီတို့နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဌ(၁)ဦးမြင့်သိန်း၊ ဒုတိယဥက္ကဌ (၂)ဦးမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ (၃) ဦးခင်မောင်အေး၊ ဒုတိယဥက္ကဌ (၄)ဦးတင့်နိုင်၊ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်း နှင့် တွဲဘက်အတွင်းရေးမှူး(၁) ဦးထင်လင်းပြည့်၊ တွဲဘက်အတွင်းရေးမှူး(၂) ဒေါ်ဥမ္မာအောင်၊ တွဲဘက်အတွင်းရေးမှူး(၃) ဒေါ်ကြူကြူ ၊ ဘဏ္ဍာရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် အတူအလုပ်အမှုဆောင် စုစုပေါင်း(၁၅)ဦးတို့အား အောက်တိုဘာလ (၂၇)ရက်တွင် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်ကြောင်းသိရှိရသည်။